မင်းခ/ဧရာဝတီတိုင်းမ်
(မော်ကျွန်း)၊ ဇူလိုင်လ ၂၂ ရက်
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဇူလိုင်လ ၂၀ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန်က အသက် ၆၉ နှစ်ခန့် အရွယ် အဘွားအိုတစ်ဦးအား ရဲတပ်ဖွဲ့ဝင်နှစ်ဦးက ဆိုင်ကယ်ဖြင့်ဝင်တိုက်မှုခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့်ဒေသခံများ ထံမှ သိရသည်။
” ၂၀ ရက်နေ့ညက အဘွားကြီးကို ရဲ ၂ ယောက်က ဆိုင်ကယ်နဲ့ ဝင်တိုက်တာ။ ရဲ ယောက်စလုံးက မူးနေကြတယ်။ ပြီးတော့မှသိရတာ အဲ့အဘွားကြီးက အမှတ် (၁၁) ရပ်ကွက်ထဲကပဲလို့ သိရပါတယ်။ အတိုက်ခံရတဲ့အဘွားကြီးကို မအူပင်ဆေးရုံအရင်ပို့တယ်။ အဲ့မှာ မသက်သာလို့ ရန်ကုန်ကိုပို့ထားရတယ်။ မြောက်ဥက္ကလာက ရွှေလမင်းဆေးရုံမှာ တက်နေရတယ်” ဟု မော်ကျွန်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဆိုင်ကယ်ဖြင့် အတိုက်ခံရသူမှာ အမှတ် ၁၁ ရပ်ကွက်၊ ဗန္ဓုလလမ်းတွင်နေထိုင်သည့် ဒေါ်ပိုဆိုသူဖြစ်ကာ အမှတ် (၁၁) ရပ်ကွက်၊ မအူပင်လမ်းထိပ်တွင် ဆိုင်ကယ်ဖြင့် အတိုက်ခံရခြင်းဖြစ်ပြီး လက်ရှိတွင် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေလမင်းဆေးရုံတွင် အရေးပေါ်လူနာအဖြစ်ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်။
” ရဲ ၂ ယောက်ကတိုက်တာဆိုတော့ ဘေးနားရှိတဲ့သူတွေက ဝိုင်းပြီးဓာတ်ပုံရိုက်ကြတယ်။ အဲ့ရဲ ၂ ယောက်က ဓာတ်ပုံရိုက်တဲ့သူတွေဆီက ဖုန်းတွေအတင်းလုယူသွားတယ်။ သတင်းမထွက်စေချင်တဲ့ သဘောပေါ့ဗျာ” ဟု မျက်မြင်တွေ့ရှိခဲ့သည့်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဆိုင်ကယ်ဖြင့် ဝင်တိုက်ခဲ့သည့် ရဲ ၂ ဦးမှာ မော်လမြိုင်ကျွန်း ရဲစခန်းရှိ ဒုရဲအုပ်လှိုင်ဝင်းထွန်း(နယ်ထိန်းခေါင်းဆောင်)နှင့် ရဲတပ်သားကိုကိုနိုင်တို့ဖြစ်ကြပြီး ၎င်းတို့ ၂ ဦးစလုံး အရက်မူးနေကြကြောင်း ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။