ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၆ ရက်

စစ်ခေါင်းဆောင် ‌ဗိုလ်ချုပ်မှူးကြီ မင်းအောင်လှိုင်သည် ရုရှားနီးနီး ကပ်ကပ် ဆက်ဆံ ရေးများပြုလုပ်နေပြီး မြန်မာနိုင်ငံသို့ ရုရှားနိုင်ငံမှ ဓာတ်မြေဩဇာများ တင်သွင်း၍ မြန်မာနိုင်ငံမှ လယ်ယာ ထွက်ကုန်များ ပြန်လည်တင်ပို့မည်ဖြစ်ကြောင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ထံက သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်နေ့က ကျင်းပသော မြန်မာ – ရုရှား ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုတိုးမြှင့်ဆောင်ရွက် ရေးညှိနှိုင်းအစည်းဝေးတွင် နှစ်နိုင်ငံကုန်သည်များက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပို့ကုန်သွင်းကုန်များတင်ပို့နိုင်ရေးအတွက်လုပ်ထုံး လုပ်နည်းလိုအပ်ချက်များကို နှစ်ဖက် နိုင်ငံအချင်းချင်းညှိနှိုင်းရေးလုပ်ဆောင်၍ ကနဦး ဆက်သွယ်ရေးလမ်းကြောင်း တစ်ခု ထူထောင်နိုင်ရန်လိုအပ်ကြောင်း ရုရှားနိုင်ငံ စိန့်ပီတာအစိုးရအဖွဲ့ဝင် ပြည်ပ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ Mr. Grigoriev Evgrny Dmitrievich က ပြောကြားသည်။

စိုက်ပျိုးရေးနိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင် မိုးစပါး၊ နွေစပါးနှင့် ဆောင်းသီးနှံများ အထွက် နှုန်းတိုးစေရေးအတွက် တောင်သူများက ယူရီးယားဓာတ်မြေဩဇာ နှင့် ကွန်းပေါင်း ဓာတ်မြေဩဇာကို အဓိကထားသုံးစွဲလေ့ရှိသည်။

“လယ်သမားများစုသုံးနေရတဲ့ ဓာတ်မြေဩဇာနဲ့ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊‌ ပေါင်း သတ်ဆေးတွေက တရုတ်ကနေသွင်းကြတာများတယ်။ မြေဩဇာက တံဆိပ် အမျိုးမျိုး ပါပဲ။ အားလုံးနီးပါးကတော့ တရုတ်ကလာတယ်။ ကုန်ကြမ်းလာတာရှိသလို တရုတ် ကနေအကြမ်းလာပြီးဒီမှာပဲအချောဆိုပြီးထုတ်တယ်” ဟု တောင်သူလယ်သမား တစ်ဦး က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတောင်သူများ သုံးစွဲနေရသည့် ဓာတ်မြေဩဇာများတွင် အပင်အတွက် လိုအပ်သော ဓာတုပစ္စည်းများ တိကျစွာပါဝင်ခြင်းရှိ၊ မရှိ အရည်အသွေးတိုင်းတာ စစ်ဆေးနိုင်ခြင်းမရှိသလို ဓာတ်မြေဩဇာတင်သွင်းသည့် ကုမ္ပဏီများက တံဆိပ် အမျိုးမျိုးနှင့် လှည့်စား၍ ထုတ်လုပ်နေကြကြောင်း တောင်သူများထံက သိရသည်။

ယင်းပြင် ရုရှားနိုင်ငံ ရော့စ်ကွန်ကရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ ရင်းနှီးမြှုပ်နှံမှုအပါအဝင် နည်းပညာများဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် သဘာဝ ဓာတ်မြေဩဇာများ အသုံးပြုနိုင်ရေးအတွက် သဘာဝဓာတ်မြေဩဇာ စက်ရုံများ တည်ဆောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီ၏ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနက သိရသည်။

၂၀၂၂ ခုနှစ်ကတည်းက ပြည်တွင်းအတွက် လိုအပ်နေသည့် ဓာတ်မြေဩဇာများကို ရုရှားနိုင်ငံ ကနေတင်သွင်းမည်ဟု စစ်ကောင်စီပြောကြားနောက်ပိုင်းတွင် ဓာတ်မြေဩဇာ တင်သွင်း ရသည့် သွင်းကုန်လိုင်စင်များရပ်နားခံရပြီး ဓာတ်မြေဩဇာဈေးများ မြှင့်တက်ခဲ့သည်။

မြန်မာစိုက်ပျိုးရေးကဏ္ဍာအတွက် ဓာတ်မြေဩဇာလိုအပ်ချက်မှာ တစ်နှစ်လျှင် တန်ချိန် သိန်း ၂၀ ကျော်ရှိပြီး တရုတ်နိုင်ငံမှ အဓိကတင်သွင်းလျက်ရှိကြောင်း သိရသည်။

ရုရှားနိုင်ငံသည် ကမ္ဘာ့ဓာတ်မြေဩဇာတင်ပို့မှုအများဆုံးနိုင်ငံဖြစ်ပြီး ဓာတ်မြေဩဇာ အကြမ်း ၁၃ ရာခိုင်းနှုန်း၊ အချော ၁၆ ရာခိုင်နှုန်းတင်ပို့ပြီး ရုရှား- ယူကရိန်းစစ်ပွဲကြောင့် ဓာတ်မြေဩဇာဈေးနှုန်းကြီးမြင့်နေ ကြောင်းသိရသည်။

ဓာတ်ပုံ-UMFCCI ၊ MOI

#ရုရှားမြန်မာကုန်သွယ်ရေး #ဓာတ်မြေဩဇာတင်သွင်း #လယ်ယာထွက်ကုန်ပြန်လည်တင်ပို့ #Ayeyarwaddy_Times