ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၂၅ ရက်

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ စပါးရိတ်သိမ်းရန် ဆိုင်ကယ်ဖြင့်သွားလာနေသည့် တောင်သူများကို ဆိုင်ကယ်လိုင်စင်နှင့် ဆိုင်ကယ်ဦးထုပ် မပါဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ ကျောင်းစုနယ်မြေရဲစခန်းမှ ကျေးရွာနယ်မြေများအထိ ဆင်းဖမ်းပြီး ငွေတောင်းနေကြောင်း သတင်းရရှိသည်။

အဆိုပါ စစ်ကောင်စီလက်အောက်ခံ ကျောင်းစုနယ် မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၁၉ ရက်နေ့မှစတင်ပြီး ဓနုဖြူမြို့နှင့် ၆ မိုင်အကွာရှိ ဇီးဖြူကုန်းလမ်းဆုံတွင် ဆိုင်ကယ်လိုင်စင်နှင့် ဆိုင်ကယ်ဦးထုပ်များ ပါမပါ စစ်ဆေးကာ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အခုက ကျေရွာနယ်မြေများအထိ ဆင်းဖမ်းပြီး ငွေတောင်းနေကြတာ၊ ကိုယ့်လယ်ထဲ ကိုယ်သွားတာ ဒါတွေဘယ်ပါမလဲဗျာ။ ပြီးတော့ ကိုယ်တွေရွာအနားတင် သွားကြလာကြပြီး အလုပ်လုပ်ကြတာလေ။ မြို့ထဲလည်း သွား ကြတာမဟုတ်ဘူး။ သူတို့နဲ့ ရင်းနှီးတဲ့ သူတွေကြ ဖမ်းပြီးပြန်လွှတ်ပေးတယ် ဒီကောင်တွေ အတော်ငတ်နေကြတာ၊ နောင်လဲအခုထက်ပိုပြီးငတ်အုံးမယ်” ဟု စပါးရိတ်သိမ်းနေသူ တောင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခံရသည့် စပါးရိတ်တောင်သူများမှာ သဘောသပြုအုပ်စု၊ ကျုံတုံးကျေးရွာမှ ခုနှစ် ဦး၊ သာအေးဒေါင့်အုပ်စုမှ ငါး ဦး၊ ကမ်းငူလေးအုပ်စုမှ ခြောက် ဦးတို့အပြင် အခြားအုပ်စုများရှိ ကျေးရွာများမှလည်း ဖမ်းဆီးခံရပြီး တရားရုံးတွင် ဒဏ်ငွေ ၂,၇၀၀၀ကျပ် ပေးဆောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“ကြံ့ခိုင်ရေးပါတီ၀င်တစ်ဦးလည်း အဖမ်းခံရတယ် သူတို့နဲ့ရင်းနှီးတော့ သူ့တော့လွှတ်ပေးလိုက်တယ်။ ညကြ မှသူ့အိမ် ရဲတွေရောက်လာကြပြီး ညှိကြပြီး သူက တရားရုံးနှင့် ရဲစခန်းမလိုက်ချင်ဘူးပြောတော့ ငါးသောင်းပေးလိုက်ရတယ်”ဟု ဒေသခံတစ်ဦးက ဆက်လက်ပြောသည်။

ထို့အပြင် စစ်ကောင်စီလက်အောက်ခံ ကျောင်းစုနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့၀င်များသည် ညနေ ၃ နာရီမှစတင်ပြီး ဇီးဖြူကုန်းလမ်းဆုံတွင် စပါးရိတ်တောင်သူများနှင့် သေခံများကို ညနေ မိုးချုပ်သည်အထိစောင့်၍ ဖမ်းနေကြောင်း ဒေသခံများက ပြောသည်။

လက်ရှိအချိန်ထိ ဇီးဖြူကုန်းလမ်းဆုံတွင် စပါးရိတ်သိမ်းတောင်သူများအပါအဝင် ဆိုင်ကယ်ဖမ်းဆီးခံရသူ ၉၀ ကျော် ထိရှိလာပြီဖြစ်ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ဓာတ်ပုံ-စပါးရိတ်သိမ်းတောင်သူများအလုပ် လုပ်ကိုင်နေသည့်နေရာ
#ဓနုဖြူ #ဆိုင်ကယ် #စပါးရိတ်သိမ်း #တောင်သူများ #ဆိုင်ကယ်လိုင်စင်နှင့်ဦးထုပ် #စစ်ကောင်စီ #ငွေတောင်း #Ayeyarwaddy_Times