နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၅ ရက်

မြန်မာနိုင်ငံမြောက်ပိုင်းမှ အွန်လိုင်းလိမ်လည်မှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန် သည်ဟု သံသယရှိသူ ၅,၀၀၀ နီးပါးကို တရုတ်နိုင်ငံ ရဲဘက်သို့ လွှဲပြောင်းပေးနိုင်သည့်အတွက် အာဏာသိမ်း စစ်ကောင်စီကို တရုတ်က ချီးကျူးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် အွန်လိုင်းလိမ်လည်မှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန် သည်ဟု သံသယရှိသူ ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်၍ တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာ ချန်းဟိုင်သည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက်နှင့် ၂၄ ရက်က စစ်ကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့နှင့် နေပြည်တော်၌ သီးခြားစီတွေ့ဆုံခဲ့ပြီး ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန် တရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တွေ့ဆုံမှုတွင် တရုတ်သံအမတ် မစ္စတာ ချန်းဟိုင်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်၍ သက်ဆိုင်ရာ တိုက်ဖျက်ရေး လှုပ်ရှားမှုများကို နက်နက်ရှိုင်းရှိုင်းဖော်ဆောင်ပြီး နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို လက်တွေ့ကျကျ ကာကွယ်စောင့်ရှောက်သွားမည်ဟု ပြောဆိုခဲ့သည်။
ထို့အပြင် မစ္စတာ ချန်းဟိုင်က တရုတ်နိုင်ငံ၏ ဆက်သွယ်ရေး လိမ်လည်မှု အွန်လိုင်း လောင်းကစား ပြစ်မှုကျူးလွန်သည့် လှုပ်ရှားမှုများအား ပြတ်ပြတ်သားသား တိုက်ဖျက် မည့် သဘောထားကို အလေးထား ပြောဆိုခဲ့ပြီး တရုတ်နိုင်ငံက လက်တလော လုပ်ဆောင်ခဲ့သော အားကောင်းသည့် အစီအမံများကိုလည်း စစ်ကောင်စီအား မိတ်ဆက် ပေးခဲ့ကြောင်း သိရသည်။

အလားတူ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်ကလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်၊ ထိုင်း၊ လာအို သုံးနိုင်ငံမှ သံရုံးများ ညှိနှိုင်းဆွေးနွေးခဲ့သည်။

ယင်းသုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် ပြင်းထန်သော တိုက်ဖျက်မှုလုပ်ငန်းများ ဆောင်ရွက်ပြီး သက်ဆိုင်ရာ ရာဇဝတ်မှု ဖြစ်ပွားမှုများ မြင့်မားလာမှုအခြေအနေကို ပြတ်ပြတ်သားသား နှိမ်နင်းမည်ဖြစ်ကြောင်း အဆိုပါ သုံးနိုင်ငံက အလေးပေး ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် တရုတ်၊ ထိုင်း၊ မြန်မာ၊ လာအို လေးနိုင်ငံမှ ရဲတပ်ဖွဲ့များသည် မကြာသေးမီက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ဒေသတွင်း ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား ရာဇဝတ်မှုများ၊ ယင်းမှတစ်ဆင့် ပေါ်ပေါက်လာသော လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှု၊ တရားမဝင်ဖမ်းဆီးမှု စသည့် ရာဇဝတ်မှုများကို အထူးပူးပေါင်း တိုက်ဖျက်မှုများ ဆောင်ရွက်ရန် သဘောတူညီ ခဲ့ကြကြောင်း သိရသည်။

စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဦးသန်းဆွေ တို့သည် နေပြည်တော်တွင် တရုတ်သံအမတ် မစ္စတာ ချန်းဟိုင်နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ သည် အွန်လိုင်းလိမ်လည်မှုအပါအဝင် စသည့်ပြစ်မှုကျူးလွန်သော လှုပ်ရှားမှုများ၏ ဆိုးရွားသော ထိခိုက်မှုကို အလွန်အလေးထားကြောင်း ပြောဆိုခဲ့ပြီး ပြစ်မှုကျူးလွန်မှုများ တိုက်ဖျက်သည့် လှုပ်ရှားမှုကို တက်တက်ကြွကြွ တွဲဖက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

စစ်ကောင်စီက ထိုသိုဆိုထားသော်လည်း တစ်ဖက်တွင်မူ ဆိုက်ဘာကျွန်ပြုမှုများ အပါအဝင် အွန်လိုင်းလိမ်လည်မှု ရာဇဝတ်ဂိုဏ်းများနှင့် ဆက်စပ်၍ စစ်ကောင်စီ၏ တရားခံဖမ်းဆီးရေးအပေါ် တရုတ်၊ ဘေဂျင်းအစိုးရက အားမလိုအားမရ ဖြစ်နေသည့်အတွက် ၎င်းတို့အလိုရှိနေသည့် နိုင်ငံခြားသားများကို ကိုယ်တိုင်ဖမ်းဆီးရေးများ လုပ်လာနေကြောင်း သိရသည်။

တရုတ်- ထိုင်း-မြန်မာ သုံးနိုင်ငံစစ်ဆင်ရေးဖြင့် ၂၀၂၃ ခုနှစ်အတွင်း အွန်လိုင်းလိမ်လည်မှု ၁၁၉ မှုနှင့် အွန်လိုင်းလောင်းကစားမှု ၅၈ မှုကို အရေးယူနိုင်ခဲ့သည်ဟု (၅၉)နှစ်မြောက် ရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် ဒုစစ်ခေါင်းဆောင်က ပြောဆိုခဲ့သာ်လည်း မိုင်းလား၊ တာချီလိတ်နှင့် မြဝတီဒေသများ၌ ယခုအထိ အရေးယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

စစ်ကောင်စီက တရုတ်သံအမတ် မစ္စတာ ချန်းဟိုင်နှင့် တွေ့ဆုံမှုရာတွင် ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အောက်မှ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်း များကို နှစ်ဖက်အပြန်အလှန် အကျိုး ဖြစ်ထွန်းမှုအပေါ် အခြေခံ၍ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်သွားရေး ဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။

ထို့အပြင် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်း အကောင်အထည်ဖော်နိုင်ရေး၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှ အပြု သဘောဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည့် ကိစ္စများကိုလည်း ဆွေးနွေးခဲ့သည်ဟု လည်း ဆိုထားသည်။

အာဏာသိမ်း စစ်ကောင်စီသည် လက်ရှိအနေအထားအရ အကျပ်အတည်းများ ကြုံတွေ့နေရပြီး အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ရေးသည်လည်း အဆင်မပြေဖြစ်နေ သောကြောင့် တရုတ်၏ ထောက်ခံမှု ရယူရန်အတွက် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်လာကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားသည်။

တရုတ်အစိုးရသည် စစ်ကောင်စီနှင့် ပူပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နေသော်လည်း ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်မှ ၁၈ ရက်နေ့အထိ ဘေကျင်းမြို့တွင် ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း(BRI) ဖိုရမ်သို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဖိတ်ကြားခြင်း မပြုခဲ့ပေ။

ဓာတ်ပုံ-လူမှုကွန်ရက်

#အွန်လိုင်းလိမ်လည်မှု #သံသယရှိသူ၅၀၀၀နီးပါး #လွှဲပြောင်းပေး #စစ်ကောင်စီ #တရုတ်ချီးကျူး #Ayeyarwaddy_Times