
ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ အောက်တိုဘာလ ၂၅ ရက်
မကွေးတိုင်း၊ ပခုက္ကူမြို့မှနေ၍ ပြီးခဲ့သည့်စက်တင်ဘာ ၂၈ ရက်နေ့တွင် ချင်းပြည်နယ်၊ မင်းတပ်-မတူပီဘက်သို့ ဦးတည်ထွက်လာသော စစ်ကောင်စီယာဉ်တန်း ၈၀ ကျော်သည် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် ပေါက်-ကျောက်ထု အကြားတွင် ရပ်တန့်နေဆဲ ဖြစ်ကြောင်းသိရသည်။
အဆိုပါစစ်ကောင်စီယာဉ်တန်းသည် ပေါက်-ကျောက်ထုကြားတွင် တစ်ပတ်ခန့်ကြာ သောင်တင်နေခြင်းဖြစ်ပြီး မင်းတပ်-မတူပီဘက်သို့ ဦးတည်လာနိုင်သလို ထီလင်း-ဂန်ဂေါဘက်သို့လည်း ဦးတည်လာနိုင်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)က ခန့်မှန်းထားပြီး ချင်းပြည်နယ်အတွင်းသို့ ဝင်ရောက်လာပါက တိုက်ပွဲပြင်းထန်မည် ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)က ဆိုထားသည်။
“မင်းတပ်-မတူပီလမ်းဖြတ်လာတယ် ဆိုရင်တော့ ကျွန်တော်တို့သေချာပေါက် လမ်းတလျှောက် တိုက်ပွဲကြီးတွေဖြစ်မယ်။ စနစ်တကျ ကြိုတင်ပြင်ဆင်ထားတာ လည်းရှိတယ်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ၊ MOD အောက်က ဂန်ဂေါခရိုင်အောက်က တပ်ရင်းတချို့တွေပေါ့ ပူးပေါင်းဖို့ရှိတယ်။ ဒီတစ်ကြိမ်လည်း မတူပီအထိ တက်နိုင်မ လားဆိုတာ ပြောလို့မရဘူးပေါ့နော်။ ခန့်မှန်းရတာ ခက်တယ်”ဟု ချင်းကာကွယ်ရေး တပ်ဖွဲ့(မင်းတပ်)၊ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းဌာနမှ အဖွဲ့ဝင်ဆလိုင်းမင်းတပ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ဘက်သို့ လက်နက်ရိက္ခာဖြည့်တင်းရာတွင် မင်းတပ်-မတူပီလမ်းကို စစ်ကောင်စီက အဓိကအသုံးပြုနေပြီး မတူပီမြို့မှတဆင့် ပလက်ဝ၊ ဆမီးမြို့ဘက်ရှိ ၎င်းတို့တပ်စခန်းများကို လက်နက်ရိက္ခာဖြည့်တင်းမှု များလုပ် ဆောင်နေကြောင်းသိရသည်။
မကွေးတိုင်း၊ ကျောက်ထုမြို့အနီးတဝိုက်နှင့် ချင်းပြည်နယ်၊ နယ်စပ်တို့တွင် အင်အား ၈၀ ကျော်ဖြင့် စစ်ကောင်စီတပ်က လက်ရှိစစ်ကြောင်းထိုးနေကြောင်းသိရပြီး မင်းတပ် မြို့နယ်၊ ကျေးရွာဘက်သို့ လက်နက်ကြီးများလည်း ရမ်းသန်းပစ်ခတ်မှုများ လုပ်ဆောင် နေကြောင်းဒေသခံများထံက သိရသည်။
ပုံစာ-ချင်းပြည်နယ်ဘက်သို့ ဦးတည်လာသော စစ်ကောင်စီယာဥ်တန်း
#ချင်းပြည်နယ်ဦးတည် #စစ်ကောင်စီယာဉ်တန်း၈၀ကျော် #ပေါက်ကျောက်ထုအကြား #ရပ်တန့် #တိုက်ပွဲပြင်းထန်မည် #Ayeyarwaddy_Times