ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၂၅ ရက်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် KIA ဌာနချုပ်အနီးရှိ အောင်ဂျာစစ်ကောင်စီ၏ တပ်စခန်းကို သိမ်းပိုက်နိုင်ခြင်းမှာ အရေးကြီးပြီး တော်လှန်ရေးအဖွဲ့အစည်း များ၏ ဌာနချုပ်များကို ခြိမ်းခြောက်လိုသည့် စစ်ကောင်စီ၏ အိပ်မက်ကို ရိုက်ချိုးပစ်နိုင်ခဲ့သည့် စခန်းသိမ်းတိုက်ပွဲဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်၏ ရေးသားဖော်ပြချက်အရ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် အောင်ဂျာစခန်း သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အင်အားရာကျော်သေဆုံးပြီး လက်နက်ကြီး၊ လက်နက်ငယ်များ PDF တပ်ရင်း တစ်ရင်းစာ တပ်ဆင်နိုင်လောက်သည်အထိ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ အောင်ဂျာအောင်ပွဲက အရေးကြီးပါတယ်။ PDFတပ်မတော်ပါဝင်ပြီး KIA ဦးဆောင်တဲ့ မဟာမိတ်များရဲ့ အားနဲ့ ရယူခဲ့တဲ့ အောင်ပွဲဖြစ်တယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ဌာနချုပ်တွေကို ခြိမ်းခြောက်လိုတဲ့ စစ်ကောင်စီရဲ့ အိပ်မက်ကို ရိုက်ချိုးပစ်နိုင်တဲ့ အောင်ပွဲလည်း ဖြစ်ပါတယ်။ တော်လှန်ရေးထုအင်အားနဲ့ ဆင်နွှဲတဲ့ မဟာဗျူဟာထိုးစစ်ရဲ့ ကနဦးခြေလှမ်းလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ ရန်သူ့အင်အား ရာကျော်ကို ချေမှုန်းနိုင်ခဲ့တယ်” ဟု NUG ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်က ၎င်း၏ လူမှုကွန်ရက် တွင်ရေးသားထားသည်။

မြစ်ကြီးနား – ဗန်းမော်လမ်းကြောတလျှောက် KIA ထိန်းချုပ်နယ်မြေ လိုင်ဇာဒေသ အတွင်း စစ်ကောင်စီနှင့် ဖြစ်ပွားသည့် တိုက်ပွဲများနှင့် စခန်းသိမ်းတိုက်ပွဲ များတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့်အတူ တိုက်ပွဲဝင်ခဲ့ကြသည့် ရက္ခိုင့်တပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ကူကီးအမျိုးသားတပ်မတော် (မြန်မာပြည်) (KNA – Burma) တို့ကို KIA စစ်ဦးစီးချုပ်/စစ်ဒေသမှူး ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွန်းက အောက်တိုဘာ ၂၂ ရက်နေ့ရက်စွဲဖြင့် ဂုဏ်ပြုသဝဏ်လွှာများ ပေးအပ်ခဲ့သည်။

KIA စစ်ဦးစီးချုပ်က ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာကို လက်ခံရရှိသည့် NUG လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သည် စစ်အာဏာရှင်ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ယမန်နေ့ အောက်တိုဘာ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

“ဒီအောင်ပွဲက ကြီးမားတဲ့အောင်ပွဲပါ။ ခုထိလည်း စစ်ကောင်စီကပြန်ရဖို့ အတင်း ကြိုးပမ်းနေတယ်။ လက်နက်တွေက ကားနှစ်စီးတိုက်ရခဲ့တာပါ။ ဒါဟာ ထိုးစစ်ရဲ့ ပထမ ဆုံးခြေလှမ်းပါပဲ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် စစ်ရေးအရ အရေးပါသည့် မြစ်ကြီးနား – ဗန်းမော်လမ်း တစ်လျောက်တွင် ကတုတ်ကျင်းများ အခိုင်အမာတူးထားပြီး အင်အားအများ အပြားရှိသည့် နောက်ဆုံး အထိုင်စခန်းကို သိမ်းယူနိုင်ခဲ့သည့်အတွက် KIA နှင့် မဟာ မိတ်တပ်များအတွက် အရေးပါသည့် ထိုးစစ်ခြေလှမ်းလည်းဖြစ်သည်ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

စခန်းသိမ်းတိုက်ပွဲများ မပြုလုပ်မီ KIA နှင့်မဟာမိတ်ပူးပေါင်းတပ်များသည် စစ်‌ကောင်စီ တပ်၏ စခန်း၀န်းကျင်ကို တားဆီးပိတ်ဆို့ထားခြင်းကြောင့် စစ်ကောင်စီဘက်က လေယာဉ်ပစ်ကူများဖြင့် အဆက်မပြတ်တိုက်ခိုက်ခဲ့ပြီး ရိက္ခာနှင့်လက်နက်များကို လေယာဉ်ဖြင့် ပေးပို့ခဲ့ ရကြောင်း သိရသည်။

ထို့ပြင် KIO/KIA ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်သည် KIA နှင့်မဟာမိတ် ပူးပေါင်းတပ်များ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီ၏ အောင်ဂျာစခန်း စစ်မြေပြင်သို့သွားရောက်၍ ရဲဘော်များကို အားပေး စကားပြောကြား ခဲ့သည်။

KIA က နောက်ဆုံးသိမ်းပိုက်ခဲ့သည့် လိုင်လွမ် (အောင်ဂျာ) စစ်ကောင်စီတပ်စခန်းသည် လိုင်ဇာမြို့နှင့် ၁၂ မိုင်ခန့်ဝေးပြီး နမ့်ဆန်ယန်အနီးရှိ စစ်ကောင်စီ၏ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ- ၂၁) လက်အောက်ခံ အထိုင်စခန်း တစ်ခုဖြစ်ကြောင်း သိရသည်။

ပုံစာ- KIO/KIA ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော် မဟာမိတ်ပူးပေါင်းတပ်များသိမ်း ပိုက်ခဲ့သည့် စစ်ကောင်စီ၏ အောင်ဂျာစခန်းကိုသွား ရောက် ကြည့်ရှုစဉ်
#ကချင်ပြည်နယ် #အောင်ဂျာစခန်းသိမ်းတိုက်ပွဲ #တော်လှန်ရေးအဖွဲ့အစည်းများ #ဌာနချုပ်များ #စစ်ကောင်စီ၏အိပ်မက် #ရိုက်ချိုးခြင်းဖြစ် #Ayeyarwaddy_Times