
ဧရာဝတီတိုင်းမ်
(မော်လမြိုင်)၊ အောက်တိုဘာလ ၂၅ ရက်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့၊ နံနက် ၃ နာရီဝန်းကျင်က နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ အမှတ်(၉)၊ အခြေခံပညာ အထက်တန်းကျောင်း (ယခင်ရှင်မဟာ ဗုဒ္ဓဃောသအထက်တန်းကျောင်း) မှာ နှစ်လအကြာတွင် မီးလောင်ကျွမ်းမှု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင်း နှစ်ပေါင်း ၁၁၀ ကျော်သက်တမ်းရှိ ဦးသာညှင်းဓမ္မာရုံနှင့် ကွန်ပြူတာများထားရှိရာ ကျောင်းဆောင်တစ်ခု မီးလောင်ကျွမ်းခဲ့ပြီး မော်လမြိုင်မြို့နှင့် အနီးတဝိုက်မှ မီးသတ်ကားများနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီရေး အဖွဲ့ဝင်များက နှစ်နာရီနီးပါ မီးငြိမ်းသတ်ခဲ့ရပြီး နံနက် ၅ နာရီဝန်းကျင်တွင် မီးထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
“မီးလောင်တာက ဦးသာညှင်းဓမ္မာရုံနဲ့ မီဒီယာခန်းလောင်သွားတယ်လို့သိရသည်။ ဒီတစ်ခါ ကြတော့ ရှို့မီးလို့ပြောနေကြတယ်။ ပထမ လောင်သွားတုန်းကတော့ ဝါယာရှော့ ဖြစ်တာနဲ့ ပြီးသွားပေမယ့် ခုတစ်ခါထပ်လောင်တော့ ရှို့မီးလို့သံသယဖြစ်နေကြပြီ။ အခုက မီးလောင်လို့ ခေါင်မိုးထိရောက်မှ သိတယ်ပြောတယ်။ မီးကို တော်တော်ငြိမ်း ယူလိုက် ရတယ်” ဟု မော်လမြိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မော်လမြိုင် အမှတ်(၉) အခြေခံပညာအထက်ကျောင်းသည် မြန်မာနိုင်ငံတွင် ပထမဆုံး ဖွင့်လှစ်ခဲ့သည့် အမျိုးသားကျောင်းတစ်ခုဖြစ်ပြီး နှစ်ပေါင်း ၁၂၀ ကျော်သက်တမ်း ရှိပြီဖြစ်ကာ ကျောင်းဆောင်အများစုမှာ သစ်သားများကို အဓိကအသုံးပြုထားသည်။
အဆိုပါအထက်တန်းကျောင်းသည် ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့ ညသန်းခေါင် အချိန်ကလည်း ပထမအကြိမ်မီးလောင်ခဲ့ရာ ကျောင်းပင်မဆောင်တစ်ခု မီးလောင်ကျွမ်း ခဲ့ပြီး ယခုအခါအဆိုပါအဆောင်ကို အသစ်ပြင်ဆင်ထားပြီ ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#မော်လမြိုင် #နှစ်ပေါင်း၁၀၀ကျော်သက်တမ်း #အထက၉ကျောင်းဆောင် #ထပ်မံမီးလောင်ကျွမ်း #ရှို့မီး #Ayeyarwaddy_Times