နွေဦးမောင် /ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၅ ရက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိဆင်ကုန်းကျေးရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့ များနှင့် စစ်ကောင်စီတပ်စစ်ကြောင်းတို့ ယမန်နေ့ အောက်တိုဘာ ၂၄ ရက်နေ့ နံနက် ၃ နာရီကျော်ခန့်က ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ် ခမရ-၂၀၇ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ငြိမ်းချမ်းကိုကိုအပါဝင် အခြားအဆင့် ခြောက်ဦး သေဆုံးခဲ့ကာ စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေပြီး ယနေ့ အောက်တိုဘာ ၂၅ ရက်နေ့ နံနက်ပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း မြေပြင်တော်လှန်ရေး တပ်ဖွဲ့များထံက သိရသည်။

“ကော့ကရိတ် မြို့ပေါ်ကနေ စစ်ကြောင်းထိုးလာတာ တပ်မ(၄၄) လက်အောက်ခံ တပ်တွေပဲ။ ဆင်ကုန်းကျေးရွာနဲ့ တတန်ကူးကျေးရွာအကြားမှာ တော်လှန်ရေး တပ်ဖွဲ့ တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာ။ ကျွန်တော်တို့ဘက်က Fixed-Wing မောင်းသူမဲ့ လေယာဥ်ငယ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်ကနေလည်း တိုက်ခိုက်ခဲ့တာကြောင့် တပ်ရင်းမှူးအပါဝင် ခြောက်ဦးသေပြီး ရှစ်ဦးကျော် ဒဏ်ရာရသွားတယ်” ဟု မြေပြင် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ ထိတွေ့တိုက်ပွဲသည် တိုက်ပွဲပြင်းထန်ခဲ့ပြီး ယမန်နေ့ မွန်းလွဲ ၁နာရီ၃၀မိနစ်ခန့်တွင် စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူးအပါဝင် တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိလာ၍ စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

“စစ်ကောင်စီရဲ့ မြို့ပေါ်ကတပ်တွေကနေ လက်နက်ကြီး တွေနဲ့ ပစ်ကူပေးတာ ငါးကြိမ်ထက်မနည်းဘူး။ မနေ့တနေကုန်ပစ်နေတာ။ လေကြောင်းကနေလည်း ဗုံးကြဲမှု တွေကို ပြုလုပ်ခဲ့တယ်” ဟု မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်က ဆိုသည်။

ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ကူ၍ ယမန်နေ့ တစ်ညလုံး ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အင်အားထပ်မံ ဖြည့်တင်းမှုများပြုလုပ်ကာ ယနေ့ နံနက်ပိုင်းအထိ တိုက်ပွဲပြင်းထန် နေကြောင်းသိရသည်။

စစ်ကောင်တပ်နှင့်ဖြစ်ပွားနေသည့် အဆိုပါတိုက်ပွဲများတွင် တော်လှန်ရေးတပ်ဖွဲ့များ ဖြစ်ကြသည့် Shar Htoo Waw နည်းပညာဖြင့် Kloud တပ်ဖွဲ့၊ ကျားဖြူစစ်ကြောင်းတပ်ခွဲ (၂) ခွဲ၊ တပ်ခွဲ (၄)၊ တပ်ခွဲ (၅)၊ Justice Soldier -PDF ၊ တပ်ရင်းရုံးလုံခြုံရေးတပ်ခွဲ (Southern Eagle-PDF) နှင့် Justice Wing ၊ Angry Bird Drone Ranger ၊ Power Of Ababil (POA) ဒရုန်းတပ်ခွဲ၊ တောင်ငူခရိုင် တပ်ရင်း (၃၅၀၂) တပ်ခွဲ (၁) Dronတပ်ဖွဲ့များမှ ပူးပေါင်း တိုက်ပွဲဝင်လျှက်ရှိကြောင်းသိရသည်။

ပုံစာ-စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးကြဲနေစဉ်

#ကော့ကရိတ် #စစ်ကောင်စီတပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များ #ထိတွေ့တိုက်ပွဲ #ဆက်လက်ဖြစ်ပွား #စစ်ကောင်စီတပ်ရင်းမှူးသေဆုံး #Ayeyarwaddy_Times