ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၅ ရက်

ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့ လူမျိုး သုဉ်း သတ်ဖြတ်မှုနဲ့ပတ်သက်လို့ နှစ်နိုင်ငံစလုံးက အပြန်အလှန် လျှောက်လွှဲချက်ပေးဖို့ ICJ က ထပ်တိုးအချိန် ပေးလိုက်ပြီလို့ အောက်တိုဘာလ ၁၆ ရက်က ထုတ်ပြန်တဲ့ ကြေညာချက်တစ်ရပ်အရ သိရပါတယ်။

ဩဂုတ်လကုန်မှာ အာဏာသိမ်းစစ်ကောင်စီက တင်သွင်းတဲ့ ပထမဆုံးထုချေလွှာကို တုံ့ပြန်ဖို့ ဂမ်ဘီယာ နိုင်ငံက အချိန်ခုနစ်လပေးဖို့ ICJ ထံ တင်ပြခဲ့ပြီး စစ်ကောင်စီကလည်း ဂမ်ဘီယာနိုင်ငံက ထပ်တင်လာမယ့် တင်ပြ ချက်ကို ဒုတိယအကြိမ် ထုချေပဖို့ နောက်ထပ်အချိန် ခုနစ်လပေးဖို့ လျှောက်ထားခဲ့ပါတယ်။

ICJ က ၂ဝ၂၄ ခုနှစ် မေလ ၁၆ ရက်နေ့ နောက်ဆုံးထားပြီး ဂမ်ဘီယာနိုင်ငံက တင်ပြဖို့ ခွင့်ပြုခဲ့သလို အာ ဏာသိမ်းစစ်ကောင်စီကို ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ထုချေလွှာတင်ဖို့ ထပ်တိုးအချိန် ခွင့်ပြုလိုက်ပါ တယ်။

ဒုတိယအကြိမ် လျှောက်လွှဲချက်တင်နိုင်ဖို့ နှစ်နိုင်ငံလုံးကို ခုနစ်လစီ ထပ်မံပြီး အချိန်ပေးလိုက်တယ်လို့ ICJ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဂမ်ဘီယာနဲ့မြန်မာတို့က ဒုတိယအကြိမ် တင်ပြလာမယ့် အပြန်အလှန်လျှောက်လွှဲချက်တွေကိုကြည့်ပြီး တရားစီရင်ဖို့ စဉ်းစားဆုံးဖြတ်မယ်လို့ ICJရဲ့ ထုတ်ပြန်ချက်ရဲ့ ဆိုပါတယ်။

ရိုဟင်ဂျာတွေ လူမျိုးသုဉ်းသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ မှာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ICJ က ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့ ရိုဟင်ဂျာ လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ပတ်သက်တဲ့ မြန်မာစစ်ကောင်စီရဲ့ ခုခံချေပချက်ကို ပယ်ချခဲ့ပါတယ်။

ဂမ်ဘီယာနိုင်ငံရဲ့ တရားစီရင်ပိုင်ခွင့်နဲ့ အမှုဖွင့်ဖို့ ဂမ်ဘီယာနိုင်ငံရဲ့ ဉပဒေဆိုင်ရာ ရပ်တည်ချက်ကို စိန်ခေါ် စေတဲ့ မြန်မာစစ်ကောင်စီရဲ့ ကန့်ကွက်ချက် ၄ ခုကို ICJ က ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကြားနာခဲ့ပါတယ်။

ကိုးကား – ICJ
Ref; APPLICATION OF THE CONVENTION ON THE PREVENTION AND PUNISHMENT OF THE CRIME OF GENOCIDE