ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၂၅ ရက်

ဧရာဝတီတိုင်း၊ ငရုတ်ကောင်းမြို့နယ်တွင် ယခု အောက်တိုဘာလ နှစ်ပတ်တာအတွင်း ယာဥ်စည်းကမ်းအကြောင်းပြကာ ဒေသခံများ ရာနှင့်ချီဖမ်းဆီး၍ တစ်ဦးလျှင် ငွေကျပ် သုံးသောင်း(၃၀,၀၀၀) ထက်မနည်း ဒဏ်ရိုက်မှုများရှိကြောင်း ဒေသခံများထံက သိရသည်။

ငရုတ်ကောင်းမြို့ရှိ မြို့တွင်းလမ်းဆုံနေရာနှင့် မြို့အဝင်အထွက်နေရာတို့၌ ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်မှ အောက်တိုဘာလ ၂၀ ရက်နေအထိ နှစ်ပတ်တာအတွင်း စစ်ကောင်စီတပ်၊ ရဲနှင့်ပျုစောထီး (ပြည်သူ့စစ်) အဖွဲ့တို့မှ ယာဥ်စည်းကမ်းထိန်းသိမ်းရေး အကြောင်းပြ၍ ဒေသခံ၁၅၀ထက်မနည်း ဖမ်းဆီးခံရကာ တစ်ဦးလျှင် ငွေသုံးသောင်း ကျပ်ထက်မနည်း နေ့ချင်းအပြီး ဒဏ်ရိုက်မှုများရှိခဲ့ကြောင်းကို ယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဒေသခံများထံကသိရသည်။

”မြို့ထဲကလမ်းဆုံနေရာနဲ့ မြို့မအဝင်အထွက်နေရာမှာကို ရဲကောစစ်တပ်တွေပါ ကင်းချပြီးတော့စစ်နေတာ နှစ်ပတ်လောက်ရှိပြီ။ တစ်ရက်မှကိုမပြတ်ဘူး။ ယာဥ်မောင်း လိုင်စင်နဲ့ဆိုင်ကယ်ဝှီးတက်တောင်းစစ်တယ်။ ယာဥ်မောင်းလိုင်စင် တွေပါရင်တောင် မရဘူး။ ဆိုင်ကယ်ဝှီးတက်ပါထပ်စစ်တယ်။ ငွေမရမချင်း ညစ်တောင်းတာ။ တစ်ယောက် ကို သုံးသောင်း တောင်းတယ်။ နေ့ချင်းအပြီး ဆောင်ခိုင်းတာ။ မပေးနိုင်တဲ့သူဆိုရင် ရဲစခန်းကို ဖမ်းခေါ်သွားတယ်။အိမ်ကသူတွေငွေနဲ့လာရွေးမှပဲပြန်လွှတ်ပေးတယ်”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အမှတ်(၂) ရပ်ကွက် ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။

ယင်းသို့ယာဥ်စည်းကမ်းထိန်းသိမ်းရေးအကြောင်းပြ၍ စီမံချက်အရ ဒေသခံများကို ဖမ်းဆီးရန် မြို့နယ်စစ်ကောင်စီနှင့်မြို့နယ်ရဲတပ်ဖွဲ့မှ အောက်တိုဘာလ ၅ ရက်နေ့၌ အစည်းအဝေးပြုလုပ်၍လျို့ဝှက်ခိုင်းဆိုထားခြင်းဖြစ်ကြောင်းမြို့နယ်ရဲစခန်းနှင့်နီးစပ်သည့်ရဲသတင်းအရင်းအမြစ်ထံကသိရသည်။

” အဓိကစည်းကမ်းမဲ့ယာဥ်တွေကို စစ်ဆေးပြီးအရေးယူဖို့ပေါ့။ တကယ်တမ်းကျတော့ ပိုက်ဆံတောင်းပြီးပြန်လွှတ်ပေးနေတာ။ စစ်ကောင်စီတပ်တွေက ရဲလုပ်တဲ့နေရာကိုဝင်ပါပြီးတော့ ပိုက်ဆံတောင်းနေတာကများတယ်” ငရုပ်ကောင်းမြို့နယ် ရဲစခန်းနှင့် နီးစပ်သည့် ရဲသတင်းအရင်းအမြစ်က ဆိုသည်။

ငရုတ်ကောင်းမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းကလည်း ယာဥ်စည်း ကမ်းထိန်းသိမ်းရေးစီမံချက်အကြောင်းပြ၍ ဒေသခံ၆၀ ဦးထက်မနည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ တစ်ဦးလျှင်ငွေကျပ် သုံးသောင်းစီ အတင်းအကျပ် တောင်းယူမှုများ ရှိခဲ့သည်။

#ငရုပ်ကောင်း #အောက်တိုဘာလ #ယာဥ်စည်းကမ်းအကြောင်းပြ #ဒေသခံ၁၀၀ကျော် #စစ်ကောင်စီဖမ်းဆီး #Ayeyarwaddy_Times