ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၅ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် (၅) ရပ်ကွက်တွင် အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဘူတာစျေးအနီး ဘောလုံကွင်းရှေ့ ဝဏ္ဏသိဂီလမ်းရှိ လူနေ ဆိုင်ခန်းများတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အသက် ၁၅ နှစ်အရွယ်ရှိ မိန်းကလေးတဦးလည်း မီးထဲပါသွားကြောင်း ဒေသခံများမှ ပြောသည်။

” မီးလောင်တာက နာရီဝက်လောက်ပဲကြာမယ်ထင်တယ်၊ မီးသတ်ကားရောက်တာလည်းမြန်ပါတယ်။ စလောင်တဲ့အခန်းပဲ လောင်တာ၊ ကျန်တာတွေ ပါမသွားဘူး၊ ပြီးတော့ မိန်းကလေးတယောက် မီးထဲပါသွားတယ်ကြားတယ်”ဟု ဒေသခံတဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

မီးလောင်မှုထဲတွင် အသက် ၁၅ နှစ်အရွယ် မိန်းကလေးတဦးပါသွားကြောင်း ဒေသခံများမှ ပြောဆိုမှုများရှိနေသော်လည်း အဆိုပါ မိန်းကလေးအား အသက်ရှင်အောင် ကယ်ဆယ်နိုင်ခြင်း ရှိ မရှိကို ဧရာဝတီတိုင်းမ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

မီးလောင်ကျွမ်းမှုနှင့်ပတ်သက်ပြီး အသေးစိတ်အခြေအနေအား မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ခြင်းမရှိသေးကြောင်း တွေ့ရှိရသည်။
#ပုသိမ်မြို့ #မီးလောင်မှု #အသက်၁၅နှစ်အရွယ်မိန်းကလေး #မီးထဲပါသွား #Ayeyarwaddy_Times
ဓာတ်ပုံ – ဒေသခံပေးပို့