ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၅ ရက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့သို့ ဖြတ်ကျော်ဝင်ရောက်နေသည့် ဆိုင်ကလုန်းမုန်တိုင်း ဟမွန်း (HAMOON)သည် လာမည့် ၂၄ နာရီအတွင်း ချင်းပြည်နယ်သို့ရောက်ရှိလာနိုင်ကြောင်း အောက်တိုဘာလ ၂၅ ရက်နေ့ ယနေ့ နံနက် ၇ နာရီတွင် စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ် နယ်စပ်ဒေသများတွင် အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် ယနေ့အောက်တိုဘာလ ၂၅ ရက်နေ့တွင် ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာသွန်းမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နေရာကွက်၍ မိုးကြီးနိုင်ကြောင်းခန့်မှန်းထားသည်။

နေပြည်တော်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပြီး ကုန်းမြင့်ဒေသနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နေထိုင်ကြသူများ ရုတ်တရက်ဖြစ်ပေါ်လာမည့် သဘာဝဘေး အန္တရာယ်ကိုဂရုစိုက်နေထိုင်ကြရန် သတိပေးလျက်ရှိသည်။

လေကြောင်းပျံသန်းရေးနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ ကြိုတင်သတိပြုနိုင်ဖို့လည်း အသိပေးထားကြောင်း သိရသည်။

မုန်တိုင်းအရှိန်ကြောင့် မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်တွင် လေသည် တစ်နာရီလျှင် မိုင် ၄၀ နှုန်းအထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၂ ပေခန့်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ ထုတ်ပြန်ထားသည်။

#ဆိုက်ကလုန်းဟမွန်း #HAMOON #ချင်းပြည်နယ် #‌လေဖိအားနည်းရပ်ဝန်း #မိုးကြီးနိုင်

ဓာတ်ပုံ – ပုံအဟောင်းအား ထည့်သွင်းအသုံးပြုထားပါသည်။