
ဧရာ၀တီတိုင်းမ်
အောက်တိုဘာ ၂၅ ရက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့က ဖားကန့်ကို ဖောက်ခွဲရေးယမ်းများ တင်ပို့မှုအပြင် အခြားတရားမ၀င်စီးပွားရေးလုပ်ငန်းများတွင်လည်း ပါ၀င် ပတ်သက်သည်ဟုဆိုကာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်ကို နေပြည်တော် ဌာနချုပ်မှ လာရောက်ဖမ်းဆီးခေါ်ဆောင် စစ်ဆေးပြီးနောက် သုံးလအကြာတွင် အခုလိုပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရသည်။
“ဗိုလ်ချုပ်ကိုကိုမောင်ကို ထောင် ၁၀ နှစ်ချလိုက်တယ်။ တာ၀န်ရှိမှုနဲ့ဖမ်းဆီးစစ်ဆေးနေရင်းက ခုလို ပြစ်ဒဏ်ချလိုက်တာပါ။ သူနဲ့အတူစစ်ဆေးနေတဲ့ အရာရှိတွေကိုလည်း ပြစ်ဒဏ်ချလိုက်တယ်။ အချို့က အရန်အင်အားကိုတောင်ပို့ပြီးပြီ”ဟု တပ်တွင်း သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
တိုင်းမှူးဟောင်း ဗိုလ်ချုပ် ကိုကိုမောင်ကို ဖမ်းဆီးစဉ်က ဒုတပ်ရင်းမှူး အောင်နိုင်ဦး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း၊ ဖားကန့်အထူးကွပ်ကဲရေးတာ၀န်ခံ တပ်မ ၃၃ တပ်မမှူး ကိုကိုလွင်၊ ဂန့်ဒေါင်ယာန်ဒေသအထူးကွပ်ကဲရေးတာ၀န်ခံ တပ်မ ၈၈ မှ တပ်မမှူးနှင့် ဗိုလ်မှူးအဆင့်ရှိသူ နှစ်ဦးတို့ကိုပါ ဖမ်းဆီးခေါ်ဆောင်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ယခု ဗိုလ်ချုပ်ကိုကိုမောင်ကို စစ်ခုံရုံးက ပြစ်ဒဏ်များ ချမှတ်ရာတွင် ၎င်းတို့ထဲမှ အချို့ကိုလည်း သက်ဆိုင်ရာပြစ်ဒဏ်များ အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။
၎င်းကို ဖမ်းဆီးစစ်ဆေးနေစဉ်မှာလည်း ဇနီးဖြစ်သူ ဒေါ်ရွှေစင်ထွန်းကိုပါ ဖမ်းဆီးပြီး လက်၀ယ်ပိုင်ဆိုင်မှုများအပြင် ပါ၀င်ပတ်သက်နေသည့် စီးပွားရေးလုပ်ငန်းများကိုပါ စစ်ဆေးပြီးနောက် စစ်ကောင်စီက သိမ်းဆည်းခဲ့ကြောင်း သိရသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် ကို ဖမ်းဆီးစစ်နေသည့်ကာလမှစတင်ပြီး ကလေးမြို့နယ် အမှတ် ၁၀ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စိုးလှိုင် ကို စစ်ကောင်စီက ရာထူးတိုး၍ မပခတိုင်းမှူးအဖြစ် အစားထိုးခန့်အပ်ခဲ့ကြောင်း တပ်သတင်းရစ်မြစ်များထံမှ သိရသည်။
#ကချင် #မပခ #တိုင်းမှူးဟောင်း #ဗိုလ်ချုပ် #ကိုကိုမောင် #ထောင်ဒဏ် #ဆယ်နှစ် #စစ်ကောင်စီတပ် #Ayeyarwaddy_Times