
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၄ ရက်
ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း ဟမွန်း (HAMOON) အရှိန်ကြောင့် လာမည့် ၃ ရက်အတွင်း လေပြင်းတိုက်ခတ်၍ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုနိုင်သဖြင့် သဘာဝဘေးအန္တရာယ်ကို သတိထားရန်လိုအပ်ကြောင်း ယနေ့ အောက်တိုဘာ ၂၄ ရက်နေ့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ထုတ်ပြန်သည်။
လက်ရှိအချိန်ထိ အားကောင်းသော အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း ဟမွန်းသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိသဖြင့် မုန်တိုင်းသတိပေးချက် ကိုအဝါရောင်အဆင့် သတ်မှတ်ထားပြီး လာမည့် ၃ ရက်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းခြေ ခီပူပါရာမြို့နှင့် စစ်တကောင်းမြို့ကြားမှ ဖြတ်ကျော်နိုင်ကြောင်းသိရသည်။
မုန်တိုင်းအရှိန်ကြောင့် မိုးကြီးမြေပြိုနိုင်သဖြင့် ကုန်းမြင့်ဒေသတွင်နေထိုင်သူများသည် မြေပြိုမှုအန္တရာယ်ကို သတိပြုရန်လိုအပ်ပြီး ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်သူများက ရေကြီး၊ ရေလျှံမှု ဖြစ်ပေါ်နိုင်သဖြင့် သတိထားရန် လိုအပ်ကြောင်း မိုး/ဇလ က အသိပေးထားသည်။
အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းဖြတ်ကျော်မည့် အောက်တိုဘာ ၂၅ ရက်နေ့မှစကာ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးကြီးနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးကြီးမည်ဖြစ်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။
ထို့ပြင်ကျန်ရှိနေသည့် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်း အပါအဝင် ကရင်နှင့် ကရင်နီဒေသတို့တွင် နေရာကွက်၍ မိုးကြီးနိုင်မည်ဖြစ်ကြောင်းသိရသည်။
မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံအောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်း ဒေသများတွင် မိုးအသင့်အ တင့်ရွာနိုင်ပြီး ရေကြီးရေလျှံဖြစ်နိုင်လောက်သော ပမဏအထိ မိုးမများနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်း ကျရောက်၍လှိုင်းကြီးခြင်းများဖြစ်ပေါ်နိုင်ပြီး ရေပြင်/ မြေပြင်လေ တစ်နာရီ လျှင် မိုင် ၄၀ အထိတိုက်ခိုက်နိုင်ကာ လှိုင်းအမြင့် ၉ ပေမှ ၁၁ ပေခန့်ရှိနိုင်ကြောင်း မိုး/ဇလထံက သိရသည်။
ယခုလ အောက်တိုဘာ ၂၂ ရက်နေ့တွင် မုတ်သုံလေဆုတ်ခွာသွားပြီးနောက် မြန်မာနိုင်ငံ မြောက်ပိုင်းမှစတင်ကာ မြောက်/အရှေ့မြောက်ဘက်မှ လေအေးများ စတင် ဝင်ရောက်၍ လာမည့် နိုဝင်ဘာလလယ်ဝန်းကျင်တွင် ဆောင်းမုတ်သုံ၏ ထင်ရှားသော လက္ခဏာများ ကိုခံစားရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်စာနာထောက်ထား ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဓာတ်ပုံ – မိုး/ဇလ ၊ NUG
#ဆိုင်ကလုန်မုန်တိုင်းဟမွန်း #မိုးကြီးရေလျှံမြေပြုနိုင် #သဘာဝဘေးအန္တရာယ် #ဂရုစိုက်ရန်လိုအပ်
#Ayeyarwaddy_Times