
ကိုကိုမောင်/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ ဇူလိုင်လ ၂၂ ရက်
ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ ဇူလိုင်လ ဒုတိယပတ်ကစတင်ပြီး ဂတ်စ်ဝယ်မရတော့တာကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းလည်ပတ်ဖို့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာရှိတဲ့ ဟိုတယ်လုပ်ငန်းတွေ၊ စားသောက် ဆိုင်လုပ်ငန်းတွေ၊ လမ်းဘေးအစားသောက်ရောင်းချသူအများစုဟာ ဂတ်စ်အသုံးပြုတဲ့ မီးဖိုတွေနဲ့ လုပ်ငန်းလည် ပတ်နေတာကြောင့် ဂတ်စ်ဝယ်မရချိန်မှာ လုပ်ငန်း လည် ပတ်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာလို့ ဒေသခံလုပ်ငန်းရှင်တွေက ပြောပါတယ်။
“ မီးကမမှန်လို့ ဂတ်စ်အိုးတွေဝယ်သုံးနေရတာ ခုက ဂတ်စ်ကဝယ်မရတော့ လုပ်ငန်းရှင်တွေရော အိမ်ရှင်မ တွေရောအခက်ကြုံနေတာ ဂတ်စ်ဖြည့်တဲ့ဆိုင်တွေမှာပါ ဖြည့်မရတော့တာ ပြတ်တောက်သွားတဲ့သဘောပေါ့” လို့ ဂတ်စ်အသုံးပြုပြီး လုပ်ငန်းလည်ပတ်နေရသည့် လုပ်ငန်းရှင်တဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဖျာပုံနဲ့ ဘိုကလေးမှာလည်း အိမ်သုံးဂတ်စ်တွေရောင်းမပေးတော့ဘဲ စားသောက်ဆိုင်တချို့ကို အိုးတဝက်သာအကန့်အသတ်နဲ့ရောင်းပေးပြီး ဂတ်စ်တပိသာကို ၈၀၀၀ ကျပ်အထိပေးဝယ်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းက ခရိုင်မြို့ကြီးအချို့မှာ ဂတ်စ်ဝယ်လို့ရရှိပေမယ့် ဈေးအဆမတန်ပေးနေရတာကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းမဖြစ်မနေလည်ပတ်ဖို့ ဝယ်သုံးနေရပြီး ဈေးနှုန်းတွေမကိုက်တော့လို့ အမြတ် မကျန်တာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။
လျှပ်စစ်မီးမမှန်လို့ မီးစက်ဝယ်သုံးချိန်တွင်လည်း ဆီဈေးတက်လို့ ဂတ်စ်အိုးကို ပြောင်းသုံးခဲ့ရပြီး လက်ရှိ အချိန်မှာ ဂတ်စ်ပါဝယ်မရတော့တာကြောင့် လုပ်ငန်းလည်ပတ်ဖို့ အခက်ကြုံနေရတယ်လို့ ဝပ်ရှော့လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
ဧရာဝတီတိုင်းထဲက မြို့နယ်အများစုမှာ ဂတ်စ်ပြတ်တောက်နေတာဖြစ်ပြီး ဆိုင်တော်တော်များများမှာ ဝယ်မရ တော့တာကြောင့် လုပ်ငန်းလည်ပတ်ဖို့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာလို့ ဂတ်စ်အသုံးပြုပြီး လုပ်ငန်းလုပ်ကိုင်သူတွေကပြောဆိုပါတယ်။