
ကိုကိုမောင်/ဧရာဝတီတိုင်းမ်
(ပန်းတနော်)၊ ဇူလိုင်လ ၂၂ ရက်
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ အာဏာသိမ်းစစ်အုပ်စုကို ဝါဒဖြန့်ပေးနေတဲ့ မြန်မာ့အသံနဲ့ မြဝတီ ရုပ်သံ လိုင်းတွေကို ဒေသခံတွေကြည့်ရှု့ဖို့ စစ်အုပ်စုဩဇာခံဝန်ထမ်းတွေက အသံချဲ့စက်နဲ့လိုက်အော်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီကခန့်ထားတဲ့ ကဿဝင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းဌေးနဲ့ မှုခင်းသတင်းထောက် သန်းညွန့်ဆိုသူတို့ပေါင်းပြီး ကျေးရွာထဲမှာ စစ်အုပ်စုကို ဝါဒဖြန့်ပေးနေတဲ့ မြန်မာ့အသံနဲ့ မြဝတီ ရုပ်သံလိုင်း ကြည့်ဖို့အတွက် လိုက်အော်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
“ ကဿဝင်ကျေးရွာအုပ်စုထဲမှာ ကျေးရွာပေါင်း ၂၀ ရှိတယ် အကုန်လုံးကို လိုက်အောက်နေတာ အဲ့ ဝါဒဖြန့်ပေးနေတဲ့ မြန်မာ့အသံနဲ့ မြဝတီ ရုပ်သံလိုင်းကို ကြည့်ဖိုဆိုပြီး အော်နေတာ”လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်အုပ်စုအတွက် ဝါဒဖြန့်ပေးနေတဲ့ မြန်မာ့အသံနဲ့ မြဝတီ ရုပ်သံလိုင်းကို မကြည့်ဘဲ အခြားရုပ်သံလိုင်းတွေကို ကြည့်နေတာမိရင် ထိရောက်စွာအရေးယူမယ်ဆိုပြီး အသံချဲ့စက်နဲ့အောက်ကာ ခြိမ်းခြောက်တာတွေလည်း ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ပန်းတနော်မြို့နယ်အတွင်းက ကျေးရွာအုပ်စုတွေမှာ စစ်ကောင်စီကခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးအများစုက ပြည်သူတွေကို နည်းလမ်းအမျိုးမျိုးနဲ့ အနိုင်ကျင့်ဗိုလ်ကျမှုများပြုလုပ်နေပြီး တဖက်တွင်းလည်း လောင်းကစား ဝိုင်းတွေက ပိုက်ဆံယူကာ ခွင့်ပြုပေးကာ ဝင်ငွေရှာနေသူများဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။