
ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၂၄ ရက်
ကချင်ပြည်နယ် ၊ မိုးမောက်မြို့နယ် ၊ အောင်ဂျာရွာအနီးရှိ စစ်ကောင်စီ၏ အထိုင်တပ်စခန်းဖြစ်သည့် လိုင်လွမ် (အောင်ဂျာ)စခန်းကို ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး စခန်းသိမ်းတိုက်ပွဲဝင်ခဲ့သည့် တပ်ဖွဲ့ဝင်များကို KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က သွားရောက်အားပေးခဲ့သည်။
KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က ထိုသို့ သွားရောက် အားပေးစဉ် စစ်ကောင်စီက ရှေ့တန်းရှိ ၎င်းတို့၏ စစ်ကောင်စီတပ်သားများအား လေကြောင်းမှ တစ်ဆင့် ချပေးခဲ့သည့် ထမင်းကြော်ထုပ်များကို တွေ့ရှိခဲ့ပြီး ရက်လွန် ထမင်းကြော်ထုပ်ဖြစ်နေကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ယမန်နေ့ အောက်တိုဘာ ၂၃ ရက်နေ့က ဓာတ်ပုံနှင့် တကွဝေမျှခဲ့သည်။
“ကိုယ်ရဲ့ ရဲဘော်တွေကို အားပေးဖို့သွားတာ စကစ(စစ်ကောင်စီ) လေကြောင်းက ချပေးတဲ့ ထမင်းကြော်ထုပ်ရဲ့ နေ့စွဲမှတ်တမ်းကို ကြည့်တော့ 18.2. 2021 တဲ့။ ဒီထမင်းကြော်ထုပ်ကို ရရှိခဲ့တဲ့ စစ်သည် (နောက်ဆုံးအချိန်-မသေခင်) ဘယ်လိုများ ခံစားခဲ့ရမလဲလို့ အပြန်ခရီးမှာ တွေးနေမိပါတော့တယ်” ဟု KIA စစ်ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က ရေးသားထားသည်။
စစ်ကောင်စီက ၎င်းတို့၏ စစ်ကောင်စီတပ်သားများအတွက် လေယာဉ်ဖြင့် ချပေးခဲ့သည့် ထမင်းကြော်ထုပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ထုတ်လုပ်ထားကြောင်း ဖော်ပြထား၍ နှစ်ချီကြာမြင့်နေပြီဖြစ်သည်။
အဆိုပါထမင်းကြော်ထုပ်သည် စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကတည်းကထုတ်လုပ် ထားသည့် ထမင်းကြော်ထုပ်ဖြစ်၍ ရရှိခဲ့သော စစ်ကောင်စီတပ်သား မသေဆုံးခင် မည်ကဲ့သို့ ခံစားရမည်ကို တွေးတော နေမိကြောင်း ဗိုလ်ချုပ်ဂွန်မော်က ရေးသားခဲ့ခြင်းဖြစ်သည်။
KIA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် အောက်တိုဘာ ၁၉ ရက်နေ့တွင် ရှမ်းပြည်နယ် မူဆယ်မြို့နယ်ရှိ တောင်ကုန်းစခန်းကို သော်လည်းကောင်း၊ အောက်တိုဘာ ၂၀ ရက်နေ့တွင် မြစ်ကြီးနား – ဗန်းမော်လမ်းရှိ လိုင်လွမ် (အောင်ဂျာ) စခန်းကို သော်လည်းကောင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
KIA က နောက်ဆုံးသိမ်းပိုက်ခဲ့သည့် လိုင်လွမ် (အောင်ဂျာ) စစ်ကောင်စီတပ်စခန်းသည် လိုင်ဇာမြို့နှင့် ၁၂ မိုင်ခန့်ဝေးပြီး နမ့်ဆန်ယန်အနီးရှိ စစ်ကောင်စီ၏ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) လက်အောက်ခံ အထိုင်စခန်း တစ်ခုဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-KIA စစ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်၏လူမှုကွန်ရက်စာမျက်နှာ
#စစ်ကောင်စီက #ရှေ့တန်းရောက်စစ်သားများ #လေယာဉ်ပေါ်မှချပေး #ရိက္ခာများ #ရက်လွန်များဖြစ်နေ #KIAစစ်ဦးစီးချုပ် #Ayeyarwaddy_Times