ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ အောက်တိုဘာလ ၂၄ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဘုရားဘုရားပွဲစတင်ကျင်းပမည့် သီးတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ၂၉ ရက်) နီးကပ်လာသည့်အတွက် ကျိုက်ထီးရိုးဘုရားတောင်ပေါ်နှင့် တောင်တက်ကားဂိတ်ရှိ ဈေးဆိုင်များကို မဖွင့်မနေရ ဖွင့်လှစ်ရန် စစ်ကောင်စီက ဖိအားပေးခိုင်းစေနေသော်လည်း အဆိုပါအနီးဝန်းကျင်တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

နှစ်ဖက်စစ်ရေးတင်းမာမှုများရှိ‌နေသည့် ကျိုက်ထိုတွင် စစ်ကောင်စီက ကျိုက်ထီးရိုး ဘုရားပွဲကာလအတွင်းစည်ကားစွာကျင်းပနိုင်ရန် ပြင်ဆင်နေပြီး ဈေးဆိုင်များ၊ တောင်တက် ကားများကို မဖွင့်မနေရ၊ မလာမနေရဟုဆိုကာ ခေါ်ယူမှုများရှိနေကြောင်း သိရသည်။

“ဈေးဆိုင်ပိုင်ရှင်တွေကို မဖွင့်မနေရဖွင့်ရမယ်ဆိုပြီးခိုင်းတယ်ပေါ့နော်။ ကိုယ့်မှာ ဈေးဆိုင်က နှစ်ဆိုင်ရှိတယ်ဆိုရင် တစ်ဆိုင်ကပိတ်ပြီး နောက်တစ်ဆိုင်ပဲ ဖွင့်မယ်ဆိုလဲ အခွန်ကနှစ်ဆိုင်စာပေးရမယ်။ လူလာနည်းတာကြောင့် တစ်ဆိုင်ပိတ်ရင်တောင်အခွန်က နှစ်ဆိုင်စာပေးရတာ။ တောင်တက်ကားပိုင်ရှင်‌တွေကိုလည်းအဲ့ဒီလိုပဲ ပြောထားတယ်။ ပုံမှန်ဆိုရင်တော့ ဒီအချိန်ကစည်နေပြီ။ အခုက ဘုရားပေါ်သွားတာဆိုလို့ ဒေသခံ ဈေးသည်တွေနဲ့ တစ်ရက်ကို ကားက နှစ်စီး၊ သုံးစီးလောက်ပဲ တောင်ပေါ်တက်တယ်” ဟု ကျိုက်ထိုဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ယခုလအောက်တိုဘာလမှ စတင်ပြီး ကျိုက်ထီရိုးဘုရားသို့ ဘုရားဖူး လာရောက်မည့် ခရီးသွားပြည်သူများကို တောင်တက်ကားဂိတ်နှင့် ဘုရားရင်ပြင်တော်အတက်လှေကားနေရာများတွင် မှတ်ပုံတင်၊ နေရပ်လိပ်စာများကို တင်းကျပ်စွာ စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

စစ်တပ် အာဏာမသိမ်းခင်က တောင်တက်လမ်းဖွင့်ရက်ဖြစ်သည့် ပွဲတော်ကာလတွင် ဘုရားဖူးလာသူများဖြင့် စည်ကားခဲ့ပြီး စစ်ကောင်စီက ၎င်းတို့ အာဏာသိမ်းပြီး နောက်ပိုင်းတွင်လည်း ဘုရားပွဲကို စည်ကားစွာကျင်းပနိုင်ရန် နှစ်စဉ် ကြိုးပမ်းလျက်ရှိ သည်။

“ဘုရားဂေါပကနဲ့ စစ်ကောင်စီဘက်က အခုလိုဖိအားပေးနေပေမယ့် ဒေသခံတွေကတော့ စိုးရိမ်နေကြတယ်။ တော်လှန်ရေးဘက်ကလဲ ဒီပွင့်လင်းရာသီမှာ သတိနဲ့နေကြဖို့ ပြောထားတယိ။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကင်းမွန်းချောင်းရဲစခန်းမှာ တိုက်ပွဲ ဖြစ်သွားတော့ တော်တော်လေးကိုလန့်နေကြတယ်” ဟု ကျိူက်ထိုဒေသခံက ဆက်လက်ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်နေ့က ကျိုက်ထိုရိုးတောင် ခြေကျေးရွာ တစ်ခုဖြစ်သည့် ကင်းမွန်းချောင်းနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ နှစ်ဖက်ထိခိုက်မှုများရှိခဲ့သည့်အပြင် ဒေသခံများလည်း ထိခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက စည်ကားစွာကျင်းပနိုင်ရန် ပြင်ဆင်နေသည့် ကျိုက်ထီးရိုးတောင်ခြေ တောင်တက်ကားဂိတ်တွင် ယမန်နှစ် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၂ ရင်နေ့က နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဘုရားဖူးပြည်သူ သုံး ဦးသေဆုံးခဲ့ကာ ၁၀ ဦးနှင့်အထက်ဒဏ်ရာရရှိခဲ့သည်။

ကျိုက်ထီးရိုးဘုရားပွဲတော်ကာလကို ပွင့်လင်းရာသီဖြစ်သည့် သီတင်းကျွတ်လပြည့်မှ ကဆုန်လပြည့်အထိ ၇ လတာ ကျင်းပခြင်းဖြစ်သည်။

ဓာတ်ပုံ – အင်တာနက်

#ကျိုက်ထီးရိုးဘုရား #ကျိုက်ထို #ပွဲတော်ရက် #စစ်ကောင်စီ #ဖွင့်ပွဲ #Ayeyarwaddy_Times