
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၄ ရက်
ရန်ကုန်-ပုသိမ် ဖောက်လုပ်ထားသော ရထားလမ်းမှ သံလမ်းအစိတ်အပိုင်းများနှင့် ဘူတာရုံများမှ ပစ္စည်းများ ဖြုတ်ခိုးခံနေရကြောင်း ဒေသခံများထံက သိရသည်။
ရန်ကုန်- ပုသိမ် မီးရထားလမ်းတစ်လျှောက်ရှိ ကျေးရွာအချို့ မှသံလမ်းအစိတ်ပိုင်းများ ဘူတာအများစုရှိ ဝန်ထမ်းအိမ်ရာများမှ ပစ္စည်းများအား ခိုးယူကာ သံဆိုင်များတွင် ရောင်းချခြင်းနှင့် တံခါးများ ၊ ကုတင်များနှင့် သစ်အစိတ်အပိုင်းများအား ဘူတာရုံ အနီးရှိ ကျေးရွာများက ယူဆောင် ရောင်းချနေကြကြောင်း ပန်းတနော်မြို့နယ် ဒေသခံ များထံက သိရသည်။
“ရထားလမ်းက လုပ်ထားတာကြာပြီ။ ရထားတစ်ခါမှ မလာဘူးတဲ့ လမ်းပိုင်း ဆိုလည်းဟုတ်တယ်။ အခုကျတော့ သံလမ်းအပိုင်းတွေကို သံဖြတ်တဲ့ ဟာတွေနဲ့ ဖြတ်ပြီး ညပိုင်းဆို ခိုးသယ်ပြီးသံဆိုင်တွေမှာ ရောင်းနေကြတယ်။ ဘူတာရုံထဲက တံခါးတွေ ပြတင်ပေါက်တံခါးတွေ ဝန်ထမ်းအခန်းထဲက ကုတင်တွေပါ တစ်စစီဖြုတ်သယ်ပြီး ရောင်းကြတာ။ အရေးယူမယ့်သူလည်းမရှိတော့ ကြာရင်ကုန်မှာပဲ ” ဟု ပန်းတနော်မြို့နယ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ရန်ကုန်-ပုသိမ် မီးရထားလမ်းပိုင်အား ယခင် နအဖ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) လက်ထက် ၂၀၀၉-၂၀၁၀ တွင် စတင်ဆောင်ရွက်ခဲ့ပြီး အပြီးသတ် ခြင်းမရှိဘဲ အမည်ခံသာရှိ၍ ဒေသခံများ၏ လယ်ယာများသာ ဆုံရှုံးခဲ့ရကြောင်း ဒေသခံများထံက သိရသည်။
“ရထားလမ်းစဖောက်တော့ လယ်တွေပါသွားတယ်။ လျော်ကြေးပေးတယ်ဆိုပေမယ့် လယ်သမားတိုင်း ရတာတော့မဟုတ်ဘူး။ ပြီးတော့ ဒီရထားလမ်းက လမ်းအနေနဲ့ပဲရှိတာ သံလမ်းတွေဆို အချို့နေရာတွေမှာ ပျက်စီးနေပြီ။ ဒီတော့ မတော်လောဘသားတွေ အတွက် ဂွင်တစ်ခုလိုဖြစ်တာပဲ။ သံဆိုင်တွေကို တစ်ကယ်လိုက်ဖမ်းကြည့် ရထား သံလမ်းအပိုင်းတွေတွေ့လိမ့်မယ် “ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဦးသန်းရွှေလက်ထက် ၂၀၀၉-၂၀၁၀ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည့် ရန်ကုန်-ပုသိမ် မီးရထားလမ်းပိုင်းသည် မီးရထားလမ်းအရှည် ၉၉ မိုင်ရှည်လျှားပြီး ရထားပြေးဆွဲနိုင်ခြင်း မရှိခဲ့သည့် လမ်းပိုင်းဖြစ်ကြောင်း သိရသည်။
ပုံစာ- ခိုးယူခံရသော ရန်ကုန်-ပုသိမ် မီးရထားလမ်းပိုင်း ရထားဘူတာနှင့် ဝန်ထမ်းအိမ်ခန်းများနေရာကို Google Map မှ တွေ့ရစဉ်
#ရန်ကုန်ပုသိမ်ရထားလမ်း #သံလမ်းအစိတ်ပိုင်းများ #ဘူတာရုံရှိပစ္စည်းများ #ဖြုတ်ခိုးခံနေရ #Ayeyarwaddy_Times