ဧရာဝတီတိုင်းမ်
(မတူပီ)၊ အောက်တိုဘာလ ၂၄ ရက်

ချင်းပြည်နယ်၊ မတူပီအခြေစိုက် စစ်ကောင်စီ၏ ခလရ(၁၄၀) ခြေလျင်တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မတူပီခရိုင်ရုံးအနီးရှိ လူနေအိမ်များကို ဖောက်ထွင်း၍ ပျဉ်၊ သံနှင့် အိမ်သုံးပစ္စည်းများကို ခိုးယူပြီး မော်တော်ယာဉ်များဖြင့် တပ်ရင်းထဲသို့ သယ်ဆောင်လျှက်ရှိကြောင်းသိရသည်။

မတူပီမြို့၊ ခရိုင်ရုံးတွင် စစ်ကောင်စီတပ်၏ ရှေ့တန်းတပ်စခန်းတစ်ခုချထားပြီး ခရိုင်ရုံးအနီးရှိ လူနေအိမ်များကို နေ့စဉ်နှင့်အမျှ ဖောက်ထွင်း၍ အိမ်ဆောက်ပစ္စည်း များနှင့် အိမ်သုံးပစ္စည်းများကို ခိုးယူနေကြောင်းဒေသခံများထံက သိရသည်။

“ခရိုင်ရုံးအနီးက လူနေအိမ်တွေ အကုန်လုံးဖောက်ထွင်းခံရတယ်။ နိုင်ငံရေး အခြေအနေ ကြောင့် အချို့နေအိမ်တွေက ဆောက်လက်စတွေနဲ့ ထားထားတာ။ တချို့က မြို့ထဲ၊ ရွာထဲကို ပြောင်းနေကြတယ်။ တချို့ကတော့ စစ်ဘေးရှောင်တာပါ။ ဆောက်လက်စအိမ်နဲ့ လူမနေတဲ့ အိမ်ထဲမှာ အိမ်ဆောက်ပစ္စည်းဖြစ်တဲ့ ပျဉ်တွေ၊ သံတွေကို စစ်ကောင်စီ တပ်တွေက ကားနဲ့လာပြီး တပ်ရင်းထဲကို အကုန်သယ်သွားတယ်” ဟု မတူပီမြို့၊ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် မတူပီမြို့နယ်တွင် ပြီးခဲ့သည့် မေလ ဒုတိယပတ်က ဝင်ရောက်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် စစ်ကောင်စီတပ်ရင်းရှိ အဆောက်အဦး အချို့ပျက်စီးခဲ့ရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပျက်စီးသွားသော ၎င်းတို့၏ အဆောက်အဦးများကို ပြန်လည်ပြုပြင်ရန်အတွက် ငလိုင်ကျေးရွာနှင့် ခရိုင်ရုံးအနီးမှ ဒေသခံများ၏ အိမ်ဆောက် ပစ္စည်းအများ အပြားခိုးယူခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်က မတူပီမြို့နယ်၊ ငလိုင်ကျေးရွာဘက်သို့ အင်အားအလုံးအရင်းဖြင့် ရုတ်တရက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နောက် ငလိုင်ကျေးရွာရှိ ဒေသခံများ၏ နေအိမ်များအားလုံး ဖောက်ထွင်း၍ ကာလတန်ဖိုး သိန်းပေါင်း တစ်ကျော်တန်ဖိုးရှိ ပစ္စည်းများကိုခိုးယူခဲ့သည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တွင် မကြုံခဲ့ဖူးသည့် ခိုးဆိုလုနှိုက်ခံရမှုများ ပိုမိုများပြားလာကာ လက်ရှိမတူပီမြို့ပေါ်တွင်လည်း ဒေသခံများ၏ နေအိမ်များ မကြာခဏ ဖောက်ထွင်း ခံနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ပုံစာ- စစ်ကောင်စီတပ်၏ ဖောက်ထွင်းခြင်းခံခဲ့ရသည် ငလိုင်ကျေးရွာရှိဒေသခံ နေအိမ်များကိုတွေ့ရစဉ်
#မတူပီခရိုင်ရုံးအနီး #လူနေအိမ်များ #စစ်ကောင်စီတပ် #ဖောက်ထွင်း #အိမ်ဆောက်ပစ္စည်း #အိမ်သုံးပစ္စည်းများခိုးယူ #Ayeyarwaddy_Times