
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၄ ရက်
အရပ်သားအစိုးရ NLD လက်ထက်တွင် ကိုဗစ် ၁၉ ကြောင့် စီးပွားရေး ထိခိုက်မှုများကုစားရန်အတွက် စီးပွားရေးလုပ်ငန်းများအား ထုတ်ချေးပေးထားသော ချေးငွေများ ပြန်ဆပ်ရမည့် သက်တမ်းကို စစ်ကောင်စီက တစ်နှစ်ထပ်မံ တိုးပေးမည် ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီအစည်းဝေးကို ယမန်နေ့ အောက်တိုဘာ ၂၃ ရက်က ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါချေးငွေရယူထားသော လုပ်ငန်းများထဲမှ နိုင်ငံသားပိုင် ငါး၊ ပုစွန်မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍအတွက် ထုတ်ပေးထားသည့် ချေးငွေများ ပြန်လည် ပေးဆပ်ရမည့်ကာလကို သက်တမ်းစေ့သည့်နေ့မှစ၍ နောက်ထပ် တစ်နှစ်ထပ်မံတိုးမြှင့် ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဒုဝန်ကြီး ဒေါက်တာဝါဝါမောင်က ဆိုထားသည်။
အရပ်သားအစိုးရသည် ကိုဗစ် ၁၉ ကြောင့် ထိခိုက်မှုများကုစားရေးအတွက် ကိုဗစ်ချေးငွေရန်ပုံငွေကျပ် ၂၀၀ ဘီလီယံမှနေ၍ လုပ်ငန်းပေါင်း ၅၉၉၀ ခု ကို ၂၀၂၀ ပြည့်နှစ် ဧပြီတွင် ချေးငွေ ထုတ်ပေးခဲ့သည်။
ချေးငွေထုတ်ယူထားသော လုပ်ငန်းများအနေဖြင့် ချေးငွေအရင်း၊ အတိုး ပြန်ပေးရန် ပျက်ကွက်လျင် ချေးငွေသဘောတူစာချုပ်အတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သက်တမ်းတိုးမြှင့်တဲ့ကာလအတွင်း အပြီးသတ် ပြန်ဆပ်ကြရန် စစ်ကောင်စီကထုတ် ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် လက်ခစား CMP လုပ်ငန်း၊ အသေးစား အလတ်စားစီးပွား ရေးလုပ်ငန်း၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်ငန်း၊ ပြည်ပပို့ ကုန်ထုတ်လုပ်ငန်း၊ သွင်းကုန်အစားထိုး ပစ္စည်းထုတ်လုပ်ခြင်း လုပ်ငန်းများ အပါအဝင် လုပ်ငန်းပေါင်း ၁၀ ခု တို့၏ ချေးငွေပြန်ဆပ်ရမည့် သက်တမ်းကို စစ်ကောင်စီက တစ်နှစ်တိုးပေးခဲ့သည်။
အဆိုပါလုပ်ငန်းများကို ထုတ်ပေးခဲ့သည့် ချေးငွေကို ၂၀၂၁ ခုနှစ် မတ်လတွင် သက်တမ်း ၆ လ တိုးမြှင့်ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာတွင် သက်တမ်း ၁ နှစ်နှင့် ၆ လ တစ်ကြိမ် တိုးမြှင့်ပေးခဲ့ကာ ချေးငွေသက်တမ်း တစ်နှစ်ကို အတိုးနှုန်း ၁ ရာခိုင်နှုန်းသတ်မှတ်ထား ကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ကိုဗစ်ချေးငွေများ #ပြန်ဆပ်ရမည့်သက်တမ်း #၁နှစ်ထပ်မံတိုး #Ayeyarwaddy_Times