
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၃ ရက်
အာဏာသိမ်း စစ်ကောင်စီသည် ကချင်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ ၎င်းတို့၏ စစ် စခန်းများ သိမ်းပိုက်ခံရမှုကို ထုတ်ဖော်ဝန်ခံလာခြင်းသည် ၎င်းတို့ အားကိုးအားထား ပြုနေရသော တရုတ်ကို ပုံရိပ်ပြလိုသည့်အပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အား ယခုထက်ပိုမို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ချင်၍ စကားဦးသန်းလာခြင်း ဖြစ်ကြောင်း လေ့လာသုံးသပ်သူနှင့် CDM ဗိုလ်ကြီးတို့က ထောက်ပြပြောဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် မုံးကိုးမြို့၏ အနောက်တောင်ဘက် ၁၀ မိုင်ခန့် အကွာရှိ စစ်ကောင်စီ၏ နမ့်ကွတ်စခန်းအား KIA တပ်မဟာ(၆) လက်အောက်ခံ တပ်ဖွဲ့များနှင့် ပူးပေါင်းအဖွဲ့များမှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ၎င်းတို့ဘက်မှ စတင်တိုက်ခိုက်ခြင်း မဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက အခြေစိုက် စစ်စခန်းများကို လာရောက် တိုက်ခိုက်၍သာ ပြန်လည်တိုက်ခိုက်ရသည်ဆိုသော ပုံရိပ်ကို တဖြေးဖြေး ပြသလာ ခြင်းသည် မြေပြင်အနေအထား သက်သေများအရ စစ်ကောင်စီအနေဖြင့် အခြေအနေ မဟန်တော့ကြောင်း ဝန်ခံလာခြင်းဖြစ်သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောကြားသည်။
“တစ်ချက်ရှိတာက တိုင်းရင်းသားတွေဘက်ကို လေကြောင်းရော၊ ကျန်တဲ့ အမြှောက် တွေ၊ ဒုံးတွေနဲ့ ပိုပြီးပြင်းပြင်းထန်ထန် ရက်ရက်စက်စက် ထိုးစစ်ဆင်ချင်လို့ သူတို့ (စစ်ကောင်စီ)ဘက်က စကားဦးသန်းလာတာလို့လည်း ပြောလို့ရပါတယ်ဗျ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ဒေသ အထူးသဖြင့် တရုတ်-မြန်မာ နယ်နိမိတ် ဆက်စပ်နေသည့် နေရာများရှိ ဖြစ်စဉ်များမှာ ကျန်ဒေသများထက် အမြဲထူးခြားသည်ကို တွေ့ရှိရပြီး EROs ၊ စစ်ကောင်စီနှင့် တရုတ်တို့အကြား ဆက်ဆံရေးများသည်လည်း လွန်စွာ ရှုပ်ထွေးသည့်သဘောရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုစိုးဝင်းဆွေက ပြောကြား သည်။
“တရုတ်ပေါ်လစီကတော့ ရှင်းတယ်။ သူ့ရဲ့နယ်စပ်မှာ သူ့ကိုထောက်ခံတဲ့ အင်အားစုတွေကိုပဲ ရပ်တည်ခွင့် ပြုမယ်ဆိုတဲ့ ပေါ်လစီ ရှိပုံပေါက်တယ်။ အဓိကကတော့ဗျာ သူ့ Border မှာ အမေရိကန် Support ရှိတဲ့၊ အမေရိကန် ထောက်ခံတဲ့ အင်အားစုတွေ မရှိစေချင်ဘူးပေါ့။ အဲဒါကြောင့်မလို့ တချို့ကိစ္စတွေမှာ စစ်ကောင်စီအနေနဲ့သတင်းထုတ်ပြန်တယ်၊ မထုတ်ပြန်ဘူးဆိုတဲ့ကိစ္စက အဓိကကတော့ တရုတ်မီဒီယာနဲ့တရုတ်ပြည်သူကိုလည်း message ပေးချင်တဲ့ သဘောလည်း ရှိမယ်ထင်တယ်ပေါ့“ ဟု ကိုစိုးဝင်းဆွေ က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ အောင်ဂျာရွာအနီးရှိ စစ်ကောင်စီ၏ နောက်ဆုံး အထိုင်တပ်စခန်းကိုလည်း အောက်တိုဘာ ၂၀ ရက်၊ ညနေပိုင်းက KIA နှင့် မဟာမိတ်တပ်ပေါင်းစုများမှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ နောက်နေ့ နံနက်ပိုင်းအထိ လေယာဉ်ဖြင့် ပြန်လည်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“လက်ရှိအကြမ်းဖက် စစ်တပ်က မြန်မာပြည်မှာ ဗိုလ်ကျနေတယ် စိုးမိုးနေတယ် ဆိုတာမဟုတ်ဘူး၊ လောလော ဆယ်သူတို့ရဲ့ စခန်းတွေတောင်မှ သိမ်းပိုက်ခံနေရတယ် ဘာညာဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ အဲဒီပုံရိပ်ကို တရုတ်ဒေသခံတွေနဲ့ တရုတ်အစိုးရ ကြားထဲမှာ ရချင်ပုံပေါ်တယ်။ အဲဒါကြောင့်မို့ သတင်းထုတ်တယ်လို့ ကျွန်တော်ယူဆပါတယ်” ဟု ကိုစိုးဝင်းဆွေက ဆိုသည်။
အဆိုပါ စစ်ကောင်စီ တပ်စခန်းသည် လိုင်ဇာမြို့နှင့် ၁၂ မိုင်ခန့်ဝေးပြီး နမ့်ဆန်ယန်အနီးရှိ စစ်ကောင်စီ၏ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) လက်အောက်ခံဖြစ်သည့် အောင်ဂျာ(လဲလုံ) အထိုင်စခန်း တစ်ခုဖြစ်ကြောင်း သိရသည်။
“ဒီစခန်းတွေကို သူတို့(စစ်ကောင်စီတပ်) လက်လွှတ်လိုက်ပြီဆိုရင် မြစ်ကြီးနား-ဗန်းမော် ကားလမ်းကို ထိန်းချုပ်ဖို့ ခက်သွားသလို လိုင်ဇာကို သူတို့ထိန်းချုပ်ထားတဲ့ စစ်စခန်းတွေဆီကို ရိက္ခာ၊ လက်နက်ခဲယမ်း စတဲ့ပစ္စည်းတွေပေါ့နော်။ သူတို့အတွက် မြေပြင်ကပေါ့နော်။ ကားလမ်းပိုင်းကနေ ပို့ဖို့ အတော်ခက်ခဲသွားပြီ ဖြစ်တယ်။ လေကြောင်းနဲ့ ပို့မယ်ဆိုရင်တော့ ရသေးတယ်ပေါ့နော်။ ဒါကြောင့်မို့လို့ စစ်ကောင်စီက စခန်းတွေ အရေးပါတဲ့အတွက် လေတပ်ကနေ ပြန်ပြီးတော့ အင်နဲ့အားနဲ့ ထပ်ပြီးတော့ တိုက်ခိုက်ခြင်း ဖြစ်တယ်။ ပြန်လည်တန်ပြန် ထိုးစစ်လုပ်တာလို့ ကျွန်တော် ပြောချင်ပါ တယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ အဓိကတပ်စခန်း သုံးခုအနက် စခန်းတစ်ခုကို စက်တင်ဘာလကတည်းက သိမ်းပိုက်နိုင်ခဲ့ပြီး ယခုအောက်တိုဘာလတွင် ကျန်ရှိသည့် အထိုင်တပ်စခန်း နှစ်ခုကို ထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“နောက်တစ်ခုရှိတာက နိုင်ငံတစ်ဝန်းလုံးမှာ စစ်ကောင်စီအနေနဲ့ စစ်စခန်းတွေ အများကြီး အလွယ်တကူနဲ့ စွန့်လွှတ်ခဲ့ရတာတွေ၊ စခန်းကနေ စွန့်ခွာခဲ့ရတာတွေ အများဆုံးဖြစ်လာတယ်။ အများဆုံးဖြစ်လာတဲ့အခြေအနေမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ) နဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) ဘက်က သတင်းတွေကို လှိုင်လှိုင်ကြီး ထုတ်လာတာပေါ့နော်။ ပေါ်ပေါ်တင်တင် ထုတ်ပြန်လာတာကို တွေ့ရတယ်။ ဒါဘာကြောင့်လဲဆိုတော့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက ထိုးစစ် ဆင်လာလို့ သူတို့ရဲ့ စစ်စခန်းတွေဆုံးရှုံးခဲ့ရတယ်ပေါ့“ ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။
စစ်ကောင်စီ၏ အောင်ဂျာ အထိုင်စခန်းကို KIA က ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးခဲ့ပြီး ယင်းတပ်စခန်းကို သိမ်းပိုက်ပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ် ရာကျော်နှင့် လက်နက်ကြီး ကျည် ၂၀၀ ကျော်ကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။
“စခန်းတွေ သိမ်းတယ်ဆိုတော့ သေဆုံးတာတွေ၊ ကျဆုံးတာတွေ လက်နက်ခဲယမ်း သိမ်းဆည်းရမိတာတွေ ရှိမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ သတင်းဌာနမှာတော့ အဲဒါတွေကတော့ စာရင်းဇယား ကောက်တာတွေ မလုပ်ပါဘူး။ နောက်ကျွန်တော်တို့ KIO အနေနဲ့လည်း အဲဒီစစ်သုံ့ပန်းတွေ၊ သေဆုံးသွားတဲ့ ရဲဘော်တွေ၊ ရရှိထားတဲ့ လက်နက် ခဲယမ်းတွေကို သတင်းမှာ သုံးတာမျိုး မလုပ်ပါဘူးခင်ဗျ“ ဟု KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ စစ်ကောင်စီဘက်ကလည်း အဆိုပါအထိုင်စခန်းကို KIA ဘက်က အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့တိုက်ခိုက်လာခြင်းကြောင့် ခေတ္တတိမ်းရှောင်ပေးရခြင်း ဖြစ်ပြီး စခန်းကိုပြန်လည်ရရှိရန်အတွက် လေကြောင်းမှ ပြန်လည်တိုက်ခိုက်နေကြောင်း ထုတ်ပြန် ထားသည်။
ဓာတ်ပုံ-ပေးပို့
#စစ်ကောင်စီ #တရုတ်ကိုပုံရိပ်ပြ #KIA #ပြင်းပြင်းထန်ထန် #ထိုးစစ်ဆင်ရန်ပြောဆို #လေ့လာသုံးသပ်သူနှင့်CDMဗိုလ်ကြီး #Ayeyarwaddy_Times