
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၃ ရက်
အနာဂတ်ကာလတွင် မြန်မာ နှင့် ရုရှားနိုင်ငံစီးပွားရေးကဏ္ဍတွင် ပို့ကုန်ပစ္စည်း ပူးပေါင်း ဆောင်ရွက်မှုစတင်မည်ဖြစ်ကြောင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ထံက သိရသည်။
ယမန်နေ့ အောက်တိုဘာ ၂၂ ရက်နေ့က ရန်ကုန်မြို့ UMFCCI ခန်းမ၌တွင် ရုရှားဖက်နိုင်ငံ စိန့်ပီတာစဘတ်အစိုးရ၏ ပြည်ပဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich နှင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ရုရှားပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich က ရုရှားနှင့် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းများ တိုးမြှင့်ဆောင် ရွက်သွားမည်ဖြစ်ပြီး ရေလုပ်ငန်း၊ စိုက်ပျိုးရေးထွက်ကုန်များနှင့် အခြားသော ပို့ကုန်ကဏ္ဍများပါဝင်မည် ကြောင်း ပြောကြားသည်။
ထို့ပြင် ရုရှားနှင့်စီးပွားရေးကဏ္ဍများ လုပ်ဆောင်ရာတွင် ဆန်တင်ပို့မှုကဏ္ဍ၊ ငါး/ပုစွန် ပို့ကုန်ကဏ္ဍ၊ ပင်လယ် ပြင်ရေနက်၌ ငါးဖမ်းဆီး မှုတွင် သင်္ဘောနှင့်နည်းပညာပိုင်းဆိုင်ရာ ကဏ္ဍအပါအဝင် အထည်ချုပ်လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြန်မာ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
လာမည့် ဆောင်းရာသီ၌ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်တွင် ကျင်းပမည့် နိုင်ငံပေါင်း ၃၀ မှ ထုတ်ကုန်များပြခန်းနှင့် ဈေးရောင်းပွဲတော်တွင် မြန်မာနိုင်ငံမှ ထုတ်ကုန်များကို လာရောက်ပြသရန် ရုရှားပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌက ပြောကြားထားပြီး ရုရှားနိုင်ငံရှိ အသေးစားရေအားလျှပ်စစ်ကဏ္ဍ၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်း မှုအဖြစ် ဆိုလာနည်းပညာနှင့် ရုရှားလက်ဖက်ခြောက်ထုတ်လုပ်မှုတို့ ကိုလည်း လုပ်ဆောင်ရန် မိတ်ဆက်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ပြုလုပ်သည့် တတိယအကြိမ်မြောက် ရုရှား-မြန်မာနှစ်နိုင်ငံ ကြားစီးပွားဖိုရမ်တွင် စက်မှုနှင့် စိုက်ပျိုးရေး၊ စွမ်းအင်နှင့် ဓာတ်သတ္တုလုပ်ငန်း၊ ဘဏ်နှင့် ငွေကြေး၊ သတင်းအချက်အလက်နှင့် ဒီဂျစ်တယ် နည်းပညာ၊ ဆေးဝါးနှင့် ဆေးပစ္စည်း ထုတ်လုပ်ခြင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများနှင့် ပတ်သက်ပြီးလုပ်ဆောင်ရန်အတွက် စာချုပ်စာတမ်း (၇) ခုကို စစ်ကောင်စီနှင့်ရုရှား နိုင်ငံမှတာဝန်ရှိသူများ လက်မှတ်ရေးထိုးထား သည်။
ဓာတ်ပုံ – MOI
#မြန်မာရုရှား #ပို့ကုန်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ #စတင်ရန် #UMFCCI #Ayeyarwaddy_Times