
ဧရာဝတီတိုင်းမ်
(မင်းလှ)၊ အောက်တိုဘာလ ၂၃ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ယမန်နေ့ အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်က စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ကို သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂) ၊ တပ်ခွဲ-၅ ကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီတပ်သည် အင်အား ၂၀ ဝန်းကျင်ဖြင့် ပဲခူးရိုးမအတွင်း စစ်ကြောင်း ထိုးလာပြီး ဧက၂၀၀ ကျွန်းစိုက်ခင်းအနီးမှ ဒေသခံခြောက်ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“အဖမ်းခံရသူတွေက ဘယ်သူတွေလဲမသိရသေးဘူး။ ကျွန်တော်တို့ လူတွေ တွေ့တာကတော့ ဒီအတိုင်းဖမ်းလာတာတဲ့။ လူသားဒိုင်းအနေနဲ့ခေါ်တဲ့ပုံစံပဲ။ ခုက ကြုံတဲ့လူ ဖမ်းတဲ့ပုံ ရှိတယ်။ စစ်ကြောင်းက လာလို့စောင့်တိုက်တာ။ သူတို့ဘက်က ဝရုန်းသုန်းကား ပြေးကြတာ။ ထိသွားတဲ့စစ်သားက သေရင်သေမှာ။ ဘာလို့လဲဆိုတော့ အတင်းသယ် ပြေးတာ တွေ့ရတယ်” ဟု PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ -၅ မှ တာဝန်ရှိသူ ရဲဘော်ရိုးမက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖမ်းဆီးခံရသူများ ပြန်လည် လွတ်မြောက်ခြင်းရှိ/မရှိ ကိုမူ မသိရသေးပဲ ယခုအခါ စစ်ကောင်စီတပ်သည် သာယာဝတီခရိုင်အတွင်းတွင် လူသားဒိုင်းအဖြစ်ဖမ်းဆီးခြင်း၊ တွေ့ရာဒေသခံများကို ဖမ်းဆီးခြင်းများရှိနေပြီး မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ နတ်တလင်း မြို့နယ်များတွင် အများဆုံးဖြစ်ကြောင်း သိရသည်။
သာယာဝတီခရိုင်းအတွင်း ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့က နတ်တလင်း မြို့နယ်ရှိ ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် သပြေပင်သုံးလုံးပြူးဆင်ဝိုင်းမှ ဆင် ၁၈ ကောင်နှင့် ဆင်ဝိုင်းမိသားစုများကို လူသားဒိုင်း အနေဖြင့်ဖမ်းဆီးခဲ့ပြီး အဆိုပါစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#မင်းလှ #စစ်ကြောင်းထိုး #စစ်ကောင်စီတပ် #ဒေသခံ၆ဦး #လူသားဒိုင်း #PDF #Ayeyarwaddy_Times