ဧရာ၀တီတိုင်းမ်
အောက်တိုဘာ ၂၄ ရက်

‌ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများစုတွင် ပြီးခဲ့သည့် စက်တင်ဘာလ ပထမပတ်မှစတင်၍ ရှေ့တန်းတွင် အသုံးပြု၍မရတော့သည့် စစ်ကောင်စီတပ်မှ အသက် ၅၀ ကျော်အရွယ် သက်ကြီးပိုင်းများအား တပ်သားသစ်စုဆောင်းရန်နှင့် UG များလှုပ်ရှားနေသည့် သတင်းများကို စုံစမ်းထောက်လှမ်းရန် ခိုင်းစေထားကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သားများသည် မရမ်းကုန်းမြို့နယ်၊ ကမာရွတ်၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာ၊ ရန်ကင်း၊ တောင်ဥက္ကလာ၊ သက်န်းကျွန်း၊ လိူင်သာယာ၊ လှိုင်မြို့နယ်၊ အင်းစိန် စသည့်မြို့နယ်များတွင် အများဆုံး တွေ့ရကြောင်း ရန်ကုန်မြို့ခံများထံက သိရသည်။

“ရန်ကုန်က UG တွေ သတိပြုစေချင်တယ်၊ ထောက်လှမ်းရေးစနစ်ကို တော်တော်လေး လုပ်လာသလို တပ်သားစုဆောင်းရေးကိုလည်း တော်တော်လုပ်လာကြတယ်။ စစ်ကေ ညှပ်ထားပြီး လွယ်အိတ်ကိုယ်စီနဲ့ အသက်ကြီးပိုင်းတွေ တွေ့ရတယ်။ အိတ်တွေကို တစ်နေ့တစ်မျိုး လွယ်ကြတယ်။ အိတ်ထဲမှာ စာအုပ်အသေး တစ်အုပ်အမြဲတမ်းပါတယ်” ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

တပ်သားစုဆောင်းရေးနှင့် စုံစမ်းရေးများကိုတွဲ၍ ပြုလုပ်နေသည့် စစ်ကောင်စီ တပ်သားများသည် နံနက် ၁၀ နာရီ ၊ ညနေ ၃ နာရီ နှင့် ၅ နာရီဝန်းကျင်များတွင် လမ်းများ ပေါ်၌ ပိုမိုတွေ့ရှိရပြီး နေ့လယ်ခင်းများတွင် လက်ဘက်ရည်ဆိုင်၊ အအေးဆိုင်၊ ဆံပင်ညှပ်ဆိုင်များတွင်ထိုင်ကာ စုံစမ်းနေကြကြောင်း ရန်ကုန်မြို့ခံများထံက သိရသည်။

“ဒီစစ်သားတွေက စစ်ပန်းနေတဲ့ စစ်သားတွေဖြစ်ပြီး သုံးမရတော့လို့ ဒါတွေ ခိုင်းထားတာ။ ဆိုင်ကယ်တစ်စီးကို နှစ်ယောက်တွဲပြီး စီးတယ်။ သူတို့ခြေထောက်တွေက စစ်သားခြေထောက်ဆိုတာ ကြည့်ရင်သိသာတယ်။ သူတို့ခြေထောက်တွေ အများစုက မဲညိုနေတယ်ဆိုတာ သတိထားစေချင်တယ်။ ပုဆိုး၀တ်ရင်ပုံမကျဘူး။ စကားပြောရင် လေသံတွေကလည်း ရပ်ကွက်ထဲက အသံမျိုးမဟုတ်ဘူး” ဟု ရန်ကုန်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် မေလအတွင်းက မရမ်းကုန်း (၃) ရပ်ကွက် ရှစ်အိမ်စုတွင် နေထိုင်သည့် လူငယ်အချို့ကို စစ်ကောင်စီတပ်မှ ပထမအကြိမ် တပ်သားသစ်အဖြစ် စုဆောင်းသွားခဲ့ သလို စက်တင်ဘာလ ၂၁ ရက်နေ့တွင်လည်း အရက်သမားနှင့် ဆေးသမားများကို ငွေပေးပြီး တပ်သားသစ်အဖြစ် ထပ်မံ စုဆောင်းသွားကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်းမှ စတင်၍ မြန်မာနိုင်ငံ အနှံ့အပြား ဒေသအသီးသီးတွင် တပ်သားသစ်များကို ပိုမိုစုဆောင်းလာကြောင်း သိရသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်မှ တပ်သားသစ် စုဆောင်းနေစဉ် (ပုံဟောင်း)

ပုံစာ-အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် စစ်ကောင်စီ၏ အမှတ်(၁)စစ်သားစုဆောင်းရေးတပ်

#ရန်ကုန် #တပ်သားစုဆောင်းရန် #UGများ၏သတင်း #စုံစမ်းထောက်လှမ်းရန် #သက်ကြီးပိုင်း #စစ်ကောင်စီတပ်သားများ #အသုံးပြုလာ #Ayeyarwaddy_Times