
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၂ ရက်
အမေရိကန်ဒေါ်လာ လိုအပ်ချက်မြင့်မားနေ၍ ဒေါ်လာရောင်းဝယ်ရေးကို ထိန်းချုပ် ထားသည့် စစ်ကောင်စီက နိုင်ငံခြားသုံးငွေ ရောင်းဈေး၊ ဝယ်ဈေး မျှမျှတတရရှိစေရေး အတွက် အဖွဲ့တစ်ခုဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေကို အရောင်အဝယ်ပြုလုပ်ရာတွင် နိုင်ငံခြား သုံးငွေ ကြီးကြပ်မှုကော်မတီ (FESC) မှတဆင့် online trading စနစ်ဖြင့် အရောင်းအဝယ် ပြုလုပ်နေရပြီး ယခုအခါ မျှတသော အရောင်း အဝယ်ဖြစ် စေရန်အတွက် စစ်ကောင်စီ၏ဗဟိုဘဏ်၊ စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ပြည်တွင်းဘဏ်များမှ ကိုယ်စားလှယ်များ ပါဝင်၍ အဖွဲ့တစ်ခုဖွဲ့ စည်းသွားမည် ဖြစ်ကြောင်း သိရသည်။
“အမေရိကန်ဒေါ်လာတွေကို မလိုအပ်ဘဲ ပြည်ပသို့ငွေသားစီးဆင်းမှုမရှိစေရန်၊ အမှန် တကယ် ငွေပေးချေရန်လိုအပ်သူများ ဈေးကွက်အတွင်း မျှမျှတတသုံးစွဲရန်၊ တစ်ဦးတစ်ယောက်တည်း ကုမ္ပဏီတစ်ခုတည်းမှ ဈေးကွက် ဝေစု အများစုကိုရယူ၍ ပြည်ပသို့ လွှဲပြောင်းနေခြင်းများကို မျှမျှတတဖြစ်စေရန်၊ ပို့ကုန် သွင်းကုန် ကြေညာ လွှာများကို မှန်ကန်မှုရှိ၊ မရှိ စိစစ်နေသော်လည်း လွန်ခဲ့သည့် နှစ်နှစ်က ကြေညာလွှာဖြင့် ငွေပြန်လည်လွှဲပြောင်းယူခြင်း ကိစ္စမျိုးမဖြစ်စေရန်အတွက် ရည်ရွယ်သည် ” ဟု အောက်တိုဘာ ၂၀ ရက်နေ့က ပြုလုပ်သည့် online Trading အစီအစဉ်နှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲတွင် စစ်ကောင်စီ၏ ဗဟိုဘဏ် ဥက္ကဌ ဒေါ်သန်းသန်းဆွေက ပြောကြားသည်။
ထိုသို့လုပ်ဆောင်ခြင်းဖြင့် ငွေဝယ်ယူလွှဲပြောင်းရာတွင် တရားဝင်ရောင်းဝယ်သည့် platform များပေါ်ပေါက်စေပြီး ဖြစ်သင့်သည့်ငွေလဲလှယ်နှုန်းကို ဘဏ်များဈေးကွက် တွင်ပါဝင် ဆောင်ရွက်နေသူများက ထိန်းကျောင်းရန်လိုအပ်ကြောင်း ဒေါ်သန်းသန်းဆွေ က ဆိုသည်။
လက်ရှိတွင် အမေရိကန်ဒေါ်လာလိုအပ်သူများက ဘဏ်များထံ ဒေါ်လာလိုအပ်ချက် အတွက် စာတင်ရပြီး ဘဏ်များမှတဆင့် ဗဟိုဘဏ်ကို Online Trading စနစ်ဖြင့်တင်ပြရကာ ဗဟိုဘဏ်မှ ရောင်းချပေးသည့် ဒေါ်လာများကို ဝယ်သူများထံ ပြန်လည်ရောင်းရခြင်းဖြစ်သည်။
ယခင်က Online Trading စနစ်မရှိသဖြင့် ပို့ကုန်၊သွင်းကုန်လုပ်ငန်းများ၊ ချေးငွေအရင်း အတိုးပေးဆပ်လိုသူများနှင့် ငွေလွှဲပို့သူများက ၎င်းတို့စိတ်ကြိုက်ငွေလဲနှုန်းသတ်မှတ်ပြီး ရောင်းချခြင်းကြောင့် ကုန်ဈေးနှုန်းများမြင့်တက်ကာ နိုင်ငံခြားငွေဈေးကွက် ပျက်စေပြီး ပြည်တွင်းငွေကြေးကို ယုံကြည်မှုလျော့နည်းစေသည်ဟု စစ်ကောင်စီ၏ ဗဟိုဘဏ် ဥက္ကဌက ပြောကြားသည်။
စစ်ကောင်စီ၏ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ (FESC) သည် နိုင်ငံခြား ငွေသုံးစွဲရေးနှင့် ပတ်သက်၍ အဓိက စီမံခန့်ခွဲလျက်ရှိပြီး အရေးကြီး ကုန်စည်များမပြတ် လပ်စေရေး အပါအဝင် ပို့ကုန်၊ သွင်းကုန်များ၊ ကျန်းမာရေး၊ ပညာရေးကိစ္စများ အတွက်လိုအပ်သည့် နိုင်ငံခြား သုံးငွေကို စိစစ်ခွင့်ပြုစီမံခန့်ခွဲခြင်းများ ဆောင်ရွက် ကြောင်း သိရသည်။
လက်ရှိ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ဥက္ကဌအဖြစ် စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက တာဝန်ယူထားပြီး ယခင်က နိုင်ငံခြားသုံး ငွေကြီးကြပ်မှုကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းမှာမူ တံစိုးလက်ဆောင်ရယူမှု၊ နိုင်ငံတော်သစ္စာဖောက်မှု၊ စစ်စည်းကမ်းဖောက်ဖျက်မှုများ ဖြင့် စစ်ကောင်စီ၏ ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခြင်း ခံထားရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#အမေရိကန်ဒေါ်လာရောင်းဝယ်ရေး #ထိန်းချုပ် #စစ်ကောင်စီ #မျှမျှတတရှိရန် #အဖွဲ့တစ်ခုဖွဲ့စည်းမည် #Ayeyarwaddy_Times