
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၂ ရက်
မအူပင်ခရိုင်အတွင်းရှိ အခြားနည်းအသုံးပြုခွင့် မပေးထားသည့် လယ်ယာမြေများကို အောက်ခြေမြေစာရင်း ဝန်ထမ်းများ နှင့် ထွေအုပ်ဝန်ထမ်းများက တရုတ်သူဌေးများနှင့် ပူးပေါင်းကာ ငါးကန်များ တူးဖော်ခွင့် ပြုနေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မအူပင်ခရိုင်အတွင်း လယ်ယာမြေ ရောင်းဝယ်မှုများ ပိုမိုများပြာလာပြီး လယ်ယာမြေဧကရာနဲ့ချီ အရောင်းဝယ်ပြုလုပ်နေကြကာ ကန်တူးခြင်းများကို ဆောင်ရွက်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
အလုပ်ကိုင်ရှားပါးလာခြင်းနှင့် ကုန်စျေးနှုန်းကြီးမြင့်လာခြင်း ၊ လယ်ယာသုံးသွင်းအားစုများ စျေးကြီးမြင့်လာခြင်းကြောင့် လယ်သမားအများစုမှာ အကြွေးများတင်ကာ လယ်ယာမြေများအား စျေးလျှော့ရောင်းချနေရကြောင်းသိရသည်။
ထို့အပြင် စစ်တပ်စွန့်လွှတ်မြေများကိုလည်း မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ခြင်းမပြုပဲ အုပ်ချုပ်ရေးမှူးများမှ မြေပွဲစားများနှင့်ပေါင်းကာ အရောင်းဝယ်ပြုလုပ်နေပြီး ငါးကန်တူးသည့် ဖြစ်စဉ်များလည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
“၂၀၂၁ မှာ ကျွန်တော်တို့ လယ်တွေကို ကန်တူးတော့ လယ်ယာမြေကို အခြားအသုံးပြုခွင့် ကျဖို့ လျှောက်ရမယ်ဆိုလို့ လျှောက်တယ်။ အခုထိကျမလာခဲ့ဘူး။ ဒါပေမဲ့ တရုတ်တွေ ၊ အခြား သူဌေးတွေကတော့ နောက်မှ ရောက်လားပြီ အခု ငါးကန်တွေဖြစ်ကုန်ပြီ။ ဧကရာချီလုပ်ကြတာ၊ အခုလည်းဆက်တူးနေကြတာပဲ။ ဒါတွေကရော ဒီလောက်ထိလွယ်တာလား။ အုပ်ချုပ်ရေးမှူးတွေ အခြားဝန်းထမ်းတွေဆိုတာ သူတို့အိမ်လိုပဲ တရုတ်တွေဆီ ဝင်ထွက်နေကြတာ ” ဟု မအူပင်ခရိုင်အတွင်းမှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လယ်ယာမြေနှင့်ပတ်သက်၍ ကန်သင်းရိုးပတ်ရာတွင် သတ်မှတ်ပေးထားသည့် အတိုင်းသာ ပတ်ရမည်ဖြစ်ပြီး ကန်တူခြင်း မြေပြင်ခြင်းများ မပြုလုပ်ရ ဟု NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက စာထုတ်ခဲ့သော်လည်း စစ်ကောင်စီတက်လာပြီးနောက် မအူပင်ခရိုင်အတွင်းရှိ ငါးကန်ဧရိယာမှာ သိသိသာသာတိုးတတ်လာခဲ့ပြီး စိုက်ပျိုးလယ်ယာမြေဧကလည်း လျှော့နည်းလာခဲ့ကြောင်း ဒေသခံများက ဆိုသည်။
“ပြည်သူ့အစိုးရ လက်ထက်မှာ လယ်ယာမြေ အရှုပ်အရှင်းတွေများလို့ ကန်မတူးရ ၊ ဘောင်မပြင်ရ ဆိုပြီး မြို့နယ်မှာ စာထုတ်လိုက်တယ်။ နောက်ပိုင်း စစ်တပ်စွန့်လွှတ်မြေနဲ့ ပတ်သတ်လို့ မူလပိုင်ရှင်တွေနဲ့ ပြဿနာတွေဖြစ်တယ်။ အုပ်ချုပ်ရေးမှူးတွေက ရောင်းစားတယ်။ ပြီးတော့ မြို့နယ်က သက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ ပေါင်းပြီး ကန်တွေမရ ရအောင်တူးပစ်တယ်။ တိုင်းခရိုင်က တာမြစ်ထားတာတောင် ကန်ရအောင်တူးသွားနိုင်တယ် “ဟု မအူပင်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတက်လာပြီးနောက်ပိုင်း ဖြစ်ပေါ်လာသော မြေယာမှုခင်းများတွင် သူဌေးများကသာ အနိုင်ရရှိခဲ့ပြီး စစ်တပ်စွန့်လွှတ်မြေနှင့် ပတ်သတ်၍ ဖြစ်ပေါ်နေသော မြေယာမှုခင်းများမှာလည်း ယခုအချိန်ထိ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပဲ ပန်းတနော်မြို့နယ် တစ်ခုတည်းမှာပင် လယ်ယာမြေမှုခင်း ၃၀၀ ကျော်အထိ ရှိနေကြောင်း လယ်ယာမြေမှုခင်းများနှင့် နီးစပ်သူများထံမှ သိရသည်။
#မအူပင် #အခြားနည်းအသုံးပြုခွင့် #ပေးမထား #လယ်ယာမြေ #အောက်ခြေဝန်ထမ်း #ပေါင်းကာ #ငါးကန်တူး #ပြုလုပ် #Ayeyarwaddy_Times