
နွေဦးမောင် /ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၂ ရက်
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် အရံမီးသတ်တပ်ဖွဲ့ သို့ဝင်ရောက်ရန် စည်းရုံးခံထားရသည့် လူငယ်အချို့ကို စစ်သင်တန်းကျောင်းသို့ ပို့ဆောင်မှုများ ရှိနေကြောင်း ဒေသခံများထံက သိရသည်။
“အရံမီးသတ်တပ်ဖွဲ့ထဲ ဝင်ပို့ပြောတော့ ကိုယ့်မြို့တွေမှာပဲ ရပ်ရွာလုံခြုံရေး မီးရေး လုပ်ဆောင်ရမှာပဲဆိုတော့ ကလေးတွေက ဝင်လိုက်ကြတာ။ အခုမီးသတ်သင်တန်းမဟုတ်ပဲ စစ်သင်တန်းသွားတက်နေရတယ်။ပြန်ခေါ်လို့လည်း မရဘူး။ စစ်ကောင်စီကလိမ်ပြီး လူသစ်စုနေတာ” ဟု သင်တန်းအပို့ခံရသူတစ်ဦး၏ ဖခင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နိုင်ငံအနှံအပြားတွင် အင်အားပြုန်းတီးမှုများ ကြုံတွေ့နေရသည့်အတွက် လူသစ်စုဆောင်းမှုအပါအဝင် ပြည်သူ့စစ်များနှင့် စစ်မှုထမ်းဟောင်းများနှင့် ဖြည့်တင်းနေရပြီး နည်းလမ်းမျိုးစုံဖြင့် အင်အားရရှိရေးကို ဆောင်ရွက်နေရကြောင်း စစ်ကောင်စီ၏ အခြေအနေကို လေ့လာစောင့်ကြည်သူများကဆိုသည်။
“ဧရာဝတီမှာက ပြည်သူ့စစ်တွေ စုဆောင်းတာနဲ့ တပ်သားသစ် စုဆောင်းတာတွေ မကြာခဏလုပ်နေတော့ စစ်တပ်ထဲ ပါသွားမှာဆိုးလို့ မီးသတ်ဆိုတော့လည်း မဆိုးပါဘူး၊ ကိုယ့်ရပ်ရွာမှာပဲ နေရမယ်ဆိုပြီး သဘောတူပေးခဲ့တာပါ။ အခုက ရန်ကုန်တိုင်းထဲက သံလျှင်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ လေ့ကျင့်ရေးစခန်းမှာ ရောက်နေပြီး ပြန်ခေါ်လို့မရတော့ဘူး” ဟု စစ်သင်တန်းသို့ ပို့ဆောင်ခံထားရသည့် လူငယ်တစ်ဦး၏ မိသားစုဝင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဧရာဝတီတိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ဝန်ထမ်းများ၊ ပြည်သူ့စစ်များနှင့်စစ်မှုထမ်းဟောင်းများက စစ်ကောင်စီတပ်အတွက် လူသစ်စုဆောင်းပေးရာတွင် လစာကောင်းသည့် လုပ်ငန်းများတွင် လုပ်ဆောင်ရမည်ဟု လိမ်ညာစည်းရုံးမှုများလည်း ရှိနေကြောင်း ဒေသခံများထံက သိရသည်။
ဓာတ်ပုံ-မီးသတ်တပ်ဖွဲ့ပုံဟောင်း
#Ayeyarwaddy_Times