ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ အောက်တိုဘာ ၂၂ ရက်)

သင့်မှာ ကျန်းမာတဲ့ လက်သည်းလေးတွေ ရှိပါရဲ့လား?

သင့်မှာရှိနေတဲ့ လက်သည်းတွေဟာ သင့်ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေဖြစ်ပြီး လက်သည်းရဲ့ အရောင်နဲ့ ပုံစံတွေဟာ သင့်ရဲ့ ကျန်းမာရေး အခြေအနေကို ပြောပြပေးနိုင်ပါတယ်။

ပုံမှန်အခြေအနေရှိတဲ့ လူတိုင်းမှာ‌ လက်သည်းတွေရှိကြပါတယ်။ လက်သည်းကလေးတွေကိုကြည့်ပြီး လူတစ်ယောက်ကို အနေအထိုင် စားသောက်မှုပုံစံ ကျန်းမာရေးအခြေအနေတွေ ခန့်မှန်းနိုင်ပါတယ်။ဒါကြောင့် လက်သည်းလေးတွေဟာ အရေးကြီးပါတယ်။

ကျန်းမာရေး ကောင်းတဲ့သူတွေရဲ့ လက်သည်းဟာ ပန်းနုရောင်သမ်းနေတတ်ပြီး လက်သည်းမှာ လိုင်းအစင်းတွေနဲ့ အပေါက်ပေါက်တွေ ရှိနေရင်တော့ ကျန်းမာရေးချို့ယွင်းတဲ့ ပြဿနာ တခုခုကို ညွှန်ပြနေတာ ဖြစ်ပါတယ်။

လက်သည်းတွေက လက်ဖမိုးဘက်မှာ ရှိနေကြပြီး လက်ထိပ်လက်ဆစ် လက်ချောင်းထိပ် ကိုလက်သည်းတွေနဲ့ဖုံးထားပါတယ်။ လက်သည်းတွေကို တိုက်ခိုက်တဲ့အခါ အသုံး ပြုနိုင်ပါတယ်။

လက်သည်းတွေကအမြဲရှည်ထွက်နေပါတယ်။ လက်သည်းက ဆယ်ပုံတစ်ပုံ မီလီမီ တာနှုန်း နေ့စဉ်‌ရှည်ထွက်ပါတယ်။ လက်သည်း အထူကလည်း လူတစ်ယောက်နဲ့တစ်ယောက် ကျား ၊ မ ၊ ကလေးလူကြီး အသက်အရွယ်အလိုက် မတူညီကြပါဘူး။ အမျိုးသမီးတွေမှာဆိုရင် မီလီမီတာဝက် (0.5mm) လောက်ရှိကြပြီး အမျိုးသားတွေမှာဆိုရင် ဒသမခြောက်မီလီမီတာ (0.6mm) လောက်ထူပါတယ်။

#လက်သည်းထိခိုက်ဒဏ်ရာ

လက်ထိပ်နဲ့လက်သည်းထိခိုက်ခြင်းက အဖြစ်များပါတယ်။ တံခါးညှပ်မိခြင်း၊ ဓားစက် ညှပ်ခြင်း၊ စက်ညှပ်ခြင်း၊ ချိန်းကြိုးညှပ်ခြင်း၊ တူထုမိခြင်း တွေကနေ လက်ထိပ်လက်သည်း ထိခိုက်ဒဏ်ရာရတာမျိုး အတွေ့ရများပါတယ်။

လက်သည်းခွံအရင်းပိုင်းကို ထိခိုက်မိရင် လက်သည်းပုံစံပျက်စီးသွားနိုင်သလို လက်သည်း အလုပ်လည်း ကောင်းကောင်းမွန်မွန် လုပ်နိုင်တော့မှာမဟုတ်ပါဘူး။ ထိခိုက်ဒဏ်ရာပြင်းထန်ပါက လက်သည်းခွံတစ်ခုလုံး ကျွတ်သွားနိုင်ပါတယ်။ တကယ်လို့များ လက်သည်းခွံအရင်းပိုင်းကို ထိခိုက်မိခဲ့ရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်များနဲ့ စနစ်တကျတိုင်ပင်ကုသရပါမယ်။

#လက်သည်းညှပ်ခြင်းနှင့်လက်စွယ်ငုတ်ခြင်း

အမြဲရှည်ထွက်နေတဲ့ လက်သည်းလေးရဲ့အောက်မှာ ချေးတွေ မခိုအောင်စေဖို့ရန် လက်သည်းတွေကို ပုံမှန် ညှပ်ပေးဖို့ လိုအပ်ပါတယ်။ လက်သည်းတွေကို ၅ ရက်တစ်ခါ ဒါမှမဟုတ် တစ်ပတ်တစ်ခါ ညှပ်ပေးသင့်ပါတယ်။

ကျန်းမာရေးရှုထောင့်အမြင်အရ လက်သည်းအရှည်ထားခြင်းကို အားမပေးပါဘူး။ ထားခဲ့ရင်လည်း စနစ်တကျလက်ဆေးပြီး လက်သည်း‌ခွံ‌တွေကို ရှင်းရှင်းသန့်သန့်‌‌လေး ထားရပါမယ်။ လက်သည်းအောက်မှာ ချေးတွေခိုအောင်း‌ပါက သန်ကောင်ရောဂါ၊ ဝမ်းပျက်ဝမ်းလျောရောဂါ နဲ့ အရေပြားရောဂါတွေကို ဖြစ်စေနိုင်တဲ့ အလားအလာတွေ ရှိလာမှာပါ။

လက်သည်းတွေ ရှည်လာပြီး လက်‌သည်းဘေးအစွန်းအစွယ်က အရေပြားကို ထိုးဖောက်ပြီး လက်စွယ်ငုတ်ခြင်း ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ နာကျင်မှုနဲ့ အတူခြေသည်း လက်သည်းပတ်ဝန်းကျင် နီမြန်းပြီး ရောင်ရမ်းတာ၊ ပြည်တည်တာ လိုမျိုးတွေ ဖြစ်တတ်ပါတယ်။ ပိုးဝင်ရောက်ပြီး ဖျားတာတွေ လက်ရောင်ရမ်း နာကျင်တာ တွေ ပိုးဆိပ်ပျံ့တာတွေအထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လက်သည်း‌လေးတွေကို ဂရုစိုက်ပေးဖို့လိုပါတယ်။

#လက်သည်းအရှည်‌နှေးခြင်းမြန်ခြင်းပြဿနာ

လက်သည်း အရှည်ထွက်တာ နှေးခြင်းမြန်ခြင်းကို သက်ရောက်စေတဲ့ အခြေအနေ တွေမျိုး လူတိုင်း ကြုံရပါတယ်။ နေမကောင်းရက်ရှည်ဖြစ်တဲ့အခါ စိတ်ဖိစီးမှု သောကတွေခံစား ရတဲ့အခါ လက်သည်းအရှည် နှေးတတ်ပါတယ်။ လက်သည်းကို သွားနဲ့ကိုက်ပြီး နေတတ်သူတွေနှင့် လက်သည်းအတိုခဏခဏညှပ်သူတွေ မှာတော့ လက်သည်းရှည်မြန်လာတာကိုတွေ့ရတတ်ပါတယ်။

#လက်သည်းခွံမာခြင်းကြွပ်ဆပ်ခြင်း

လက်သည်းခွံဆိုတာ အရေပြားရဲ့အတက်‌ တွေလို့ပြောလို့ရပါတယ်။ လက်သည်းကို လက်သည်း ဆဲလ်တွေ၊ ပရိုတိန်းတွေ နဲ့ ရေကို ပေါင်းစပ်ပြုလုပ်ထားပါတယ်။ လက်သည်း အတွင်းရေဓာတ်ခန်းခြောက်ရင်လက်သည်း ကြွပ်ရွှပါတယ် ကျိုးကျေလွယ် ပါတယ်။

သံဓာတ်အားနည်းပါကလည်း လက်သည်းခွံ မာခြင်း၊ ကြွပ်ဆပ်ခြင်းဖြစ်တတ်ပါတယ်။ လက်သည်းလေးတွေကျန်းမာဖို့ ရေဓါတ်ပြည့်ဝစေရန် အရည်များများသောက်ပေးပါ။ သံဓာတ် ဖြည့်တင်းပေးပါ။

#လက်သည်းမှိုစွဲခြင်းရောဂါ

ရေအမြဲကိုင်နေရတဲ့သူတွေ စားဖိုဆောင်မီးဖိုချောင်တာဝန်ယူရတဲ့သူတွေ ရွံ့၊ သဲ၊ ခဲကိုယ်တွယ် နေရသူတွေမှာ လက်သည်းမှိုစွဲခြင်းအဖြစ်များပါတယ်။ လက်သည်းခွံ အောက်မှာ ရုပ်ဆိုးတဲ့ တွင်းတွေ ချိုင့်တွေ ဖြစ်လာကြပါတယ်။ ပူနွေးစိုစွတ်တဲ့ရာသီဥတု ပတ်ဝန်းကျင်အခြေအနေ‌တွေကြောင့် စစ်ဘေးရှောင်စခန်းကပြည်သူတွေမှာလည်း လက်သည်းမှိုစွဲ ရောဂါတွေဖြစ်ကြပါတယ်။ မှိုသေဆေးများနဲ့ ကုသရမှာ ဖြစ်ပြီး ကုသချိန် လနှင့်ချီပြီးကြာတတ်ပါတယ်။

#တင်းပုတ်လက်သည်းများNailsClubbing

ညီညာပြန့်ပြူးတဲ့ ပုံမှန်လက်သည်းမဟုတ်တော့ဘဲ လက်သည်းပုံစံက ကြီးကြီးခုံးခုံး တင်းပုတ်လိုဖြစ်သွားတာက ရောဂါတစ်ခုခုဖြစ်နေနိုင်ပါတယ်။ အဆုတ်နဲ့အသက်ရှု လမ်းကြောင်း ဆိုင်ရာရောဂါတွေ၊ နှလုံးနဲ့ သွေးကြောဆိုင်ရာရောဂါတွေ၊ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါတွေ အရေပြားရောဂါတွေ နဲ့ ကင်ဆာရောဂါတွေ ဖြစ်နိုင် ခြေရှိပါတယ်။ လက်သည်းခုံးခုံးပုံစံ‌ပြောင်းလာရင်တော့ ဆရာဝန်နဲ့သာပြသဆွေးနွေး ပါတော့။ စနစ်တကျ ကုသဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

#လက်သည်းမျက်နှာပြင်

သံဓာတ်ချို့တဲ့အားနည်းတဲ့အခါမှာ လက်သည်းက ကြွပ်ဆတ်လွယ်ပါတယ်။ အရောင် ဖြူ‌ဖျော့ သွားတတ်ပါတယ်။ လက်သင့်မျက်နှာပြင်တွင်းဘက်ချိုင့်ခွက်ပြီး ဇွန်းပုံစံလို ဖြစ်သွားတာပါတယ်။

အချို့ အရေပြားရောဂါတွေမှာတော့ လက်သည်းမျက်နှာပြင်မှာ တွင်းကလေးတွေ ချိုင့်ကလေး တွေ ပေါ်လာတတ်ပါတယ်။

#လက်သည်းအရောင်နဲ့ကျန်းမာရေး

ကျန်းမာသန်စွမ်းတဲ့ လူတစ်ယောက်ရဲ့လက်သည်းက ပန်းရောင်ဖျော့ဖျော့လေးသန်း နေတတ်ပါတယ်။ လက်သည်းခွံကိုဖိလိုက်တဲ့အခါမှာ ခဏတာ ဖြူသွားပြီး သွေးပြန်လျှောက်သည်နှင့် ပန်းရောင်‌ဖျော့ ပြန်ပြောင်းပါတယ်။

သွေးအတွင်း အောက်စီဂျင်နည်းပါးတဲ့အခြေအနေနဲ့ကြုံရတဲ့ မွေးရာပါနှလုံးရောဂါသည် တွေမှာ လက်သည်းတွေကပြာနှမ်းနေတတ်ပါတယ်။ ကုသမှု ခံယူရပါမယ်။

ပုံမှန်လူတယောက်က လက်သည်းတွေပြာလာပြီဆိုရင် အောက်စီဂျင် လျော့နည်းနေတာ ဖြစ်နိုင်ပါတယ်။ အသက်အန္တရာယ် ရှိနိုင်ပါတယ်။

#လက်သည်းခွံဖြူဖျော့နေခြင်းLeukonychia

သွေးတွင်း (Albumin)အသားဓာတ် လျှော့နည်းတဲ့အခါ လက်သည်းခွံဖြူတတ်ပါတယ်။ ကျောက်ကပ်ရောင်ရောဂါ၊ အသည်းရောဂါ၊ အဟာရမပြည့်ဝအာဟာရချို့တဲ့အခြေအနေ နှင့် အစာအိမ်နဲ့အူလမ်းကြောင်းမကျန်းမာလို့ အသားဓာတ်မဆုပ်ယူနိုင်တဲ့ အခြေနေမှာ ကြုံတွေ့ရတတ်ပါတယ်။ ဖြူဖျော့နေတာ သတိထားမိရင် ဆေးကုကြဖို့ တိုက်တွန်း ပါတယ်။

#လက်သည်းနီနဲ့ကျန်းမာရေး

အရောင်စုံလင်တဲ့ လက်သည်းနီတွေဆိုးခြင်း လက်သည်းပန်းဖော်ခြင်း ကျောက်စီခြင်း တွေကို မိန်းကလေးတွေ နှစ်သက်သဘောကျကြပါတယ်။ လက်သည်းခြေသည်း ကျန်းမာရေးကိုအမြဲတမ်းဂရုတစိုက်စောင့်ကြည့်ဖို့လိုအပ်ပါတယ်။

လက်သည်းနီဆိုးခြင်းကြောင့် လှပခြင်း အဆင်းကို ရပေမယ့် အောက်ဆီဂျင် ရာခိုင်နှုန်း လက်သည်းခွံမှာ တိုင်းတာတဲ့အခါ (Pulse Oximeter , SPO2) အဖြေ လွဲမှားစေ တတ်ပါတယ်။ စမတ်ကျတဲ့ အမျိုးသမီးတွေကတော့ ကျန်းမာရေးအတွက် လက်‌တစ် ချောင်းကို ဆေးမဆိုးဘဲ ချန်ထားတာမျိုးကို ကြုံဖူးပါတယ်။

လက်သည်းအရောင် ကိုကြည့်ခြင်းအားဖြင့် လက်သည်းပုံစံကိုကြည့်ချက်အားဖြင့် လက်သည်း အပျော့အမာ ကြွပ်ဆတ်မှုကိုကြည့်ခြင်းအားဖြင့် မကျန်းမာ‌နေတဲ့ လက်သည်း‌လေးတွေကို တွေ့မြင်ရမှာပါ။

စာဖတ်သူတွေလည်း ကိုယ့်ရဲ့ လက်သည်းလေးတွေ ကျန်းမာဖို့ ဂရုစိုက်ပေးကြပါ။ လက်သည်းမှန်မှန်ညှပ်ပေးပါ။ သန့်သန့်ရှင်းရှင်းထားပါ။ လက်သည်းလေးတွေ ပြောင်းလဲ လာတာကိုလည်း စနစ်တကျသတိထားမိပြီး ရောဂါတွေကုသပျောက်ကင်း ကြပါ စေကြောင်း ဆုတောင်းပါတယ်။

နောက်တပတ်မှာလည်း ဆူညံသံများနှင့် နားကျန်းမာရေးကို ‌‌တင်ဆက်ပေးသွားမှာ ဖြစ်တာကြောင့် ဧရာဝတီတိုင်းမ် ရဲ့ ကျန်းမာရေးအသိပညာပေးကဏ္ဍကို စောင့်မျှော် ပေးကြပါဦးခင်ဗျာ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #လက်သည်းတွေကပြောပြနေတဲ့ကျန်းမာရေး #ဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)