
ဧရာဝတီတိုင်းမ်
(ဖြူး)၊ အောက်တိုဘာလ ၂၁ ရက်
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ လေးအိမ်စုကျေးရွာနှင့် အုတ်ဖြတ်တံတားသို့ ဝဲကြီး ကျေးရွာ မှတစ်ဆင့် အင်အားဖြည့်လာသည့်စစ်ကောင်စီတပ်ကို ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် ရိုးမစစ်ကြောင်း ၂ နှင့် ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားဖြည့် စခန်းချထားသည့် အုတ်ဖြတ်စစ်တောင်းမြစ်ကူးတံတားရှိ စခန်းကို ဒရုန်းဖြင့် သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။
“အုတ်ဖြတ်မှာသေတဲ့သူတွေကို (စစ်ကောင်စီတပ်သား) ဒီမနက် ကားနှစ်စီးနဲ့ ဖြူးဘက်ကို ပြန်ပို့ပါတယ်။ သူတို့(စစ်ကောင်စီတပ်)ကလဲ ဝဲကြီးကနေတဆင့် အင်အား ၅၀ လောက်ဝင်လာလို့ သွားတိုက်ခိုက်တာပါ။ သတင်းထူးရင်တော့ အဲ့ဒီလိုအင်အား တွေလာဖြည့်တာတို့လုပ်ပြီး တပ်ချိန်းတာတို့ဆိုရင်လည်း အင်အားဆင်းလာ တတ်ပါတယ်။ အခုက စစ်ကြောင်းထိုးမယ့် လက္ခဏာတော့ရှိတယ်။ အင်အားတွေ ကမြစ်ဖက်ကို ကူးလာတဲ့အခါမှာ ကိုယ့်ဆီကဦးအောင် အရင်တိုက်တဲ့သဘောပါ” ဟု ရိုးမစစ်ကြောင်း ၂ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့ပြင် ပြီးခဲ့သည့်အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း လေးအိမ်စုကျေးရွာအတွင်း ဝင်ရောက်နေထိုင်နေသည့် အင်အား ၄၀ ကျော်ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့်သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိကာ ယခုအခါတွင် သေဆုံးဒဏ်ရာရများကို ပြန်လည်သယ်ဆောင်၍ ဆုတ်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
ဖြူးမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်ကနေ့ကလည်း မြက်နီကွင်းရွာနှင့် ပေါက်ကုန်းရွာကြား လမ်းပိုင်းတစ်နေရာကို စစ်ကောင်စီက နောက်တစ်ကြိမ်ထပ်မံ ဖျက်ဆီးရန် လာရောက်စဉ် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ဘတ်ဟိုးကားတစ်စီးသိမ်းဆည်းရမိခဲ့ပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – အထူးကွန်မန်ဒိုတပ်ရင်း တောင်ပိုင်းတိုင်း
#ဖြူး #အုတ်ဖြတ်တံတား #စစ်ကောင်စီတပ် #အင်အားဖြည့် #ဒရုန်း #တိုက်ခိုက်ခံရ #ရိုးမစစ်ကြောင်း၂ #Ayeyarwaddy_Times