
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၁ ရက်
ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့တွင် စစ်ကောင်စီ တပ်ဖွဲ့မှ သက်ကြီးရွယ်အို စစ်မှုထမ်းဟောင်းများကို ပျူစောထီး(ပြည်သူ့စစ်)ဝတ်စုံ ဝတ်ခိုင်းကာ ယာဉ်စစ်ဆေးဖမ်းဆီးသည့်နေရာတွင် စေခိုင်းနေကြောင်း ဒေသခံစစ်မှုထမ်းဟောင်း အသိုင်းအဝန်းထံက သိရသည်။
ကန်ကြီးထောင့်မြို့တွင် အောက်တိုဘာ ဒုတိယအပတ်ကစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အထက်ပါအတိုင်း လုပ်ဆောင်နေကြောင်း ကန်ကြီးထောင့်မြို့ခံ စစ်မှုထမ်းဟောင်း အချို့က ပြောသည်။
” နေ့တိုင်းကိုခေါ်ခိုင်းနေတာ။ယာဥ်စစ်ရှိတယ်ဆိုပြီး ယူနီဖောင်းအတင်းဝတ်ခိုင်းပြီး စစ်နေရတယ်။ လာခေါ်ခိုင်းတဲ့သူတွေ ကြည့်တော့ ကျွန်တော်တို့သားpသမီးအရွယ်လောက်ပဲရှိတယ်။ ခိုင်းတယ်ဆိုတာထက် အမိန့်ပေးနေတာ ”ဟု မြို့ခံစစ်မှုထမ်းဟောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြို့နယ်စစ်ကောင်စီနှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ မြို့တွင်းလုံခြုံရေးအကြောင်းပြ၍ အသက်အရွယ်ကြီးပြီဖြစ်သည့် အသက်၆၈ နှစ်ကျော်အရွယ် စစ်မှုထမ်းဟောင်းများကို ပျူစောထီး (ပြည်သူ့စစ်)ယူနီဖောင်းဝတ်ဆင်စေခိုင်းရန် ညွှန်ကြားထားကြောင်း မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့နှင့် နီးစပ်သည့်သတင်းအရင်းအမြစ်ထံက သိရှိရသည်။
” မြို့ထဲမှာစစ်တပ်တွေအစား စစ်မှုထမ်းဟောင်းတွေကို လုံခြုံရေးသဘောချထားတာ။အသက်ကြီးပိုင်း ၆၈ နှစ်ကျော်တွေကို ပဲတာဝန်ပေးတဲ့သဘောပေါ့။ လစာပေးပြီးခိုင်းတာမဟုတ်ဘူး။ ထမင်းဖိုးပုံစံ ပေးပြီးခိုင်းတဲ့သဘော” ဟု မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့နှင့် နီးစပ်သူတစ်ဦးကဆိုသည်။
ကန်ကြီးထောင့်မြို့အနီး ကျေးရွာများ၌ တော်လှန်ရေးအင်အားစုများ ရောက်ရှိနေသည်ဟုဆိုကာ ပြီးခဲ့သည့် အောက်တိုဘာလ ပထမအပတ်ကစ၍ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ ဒေသခံလူငယ်များကို ညစဥ်အတင်းအကျပ် ကင်းစောင့်ခိုင်းမှုများရှိနေကြောင်းသိရသည်။
ထို့အပြင်ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မြို့တွင်းရပ်ကွက်နှင့်ကျေးရွာအလိုက် ပျုစောထီး(ပြည်သူ့စစ်)သင်တန်းတက်ရောက်ရန် လူငယ်အမျိုးသား ၅၀ ဦးထက်မနည်းကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှလို က်လံစာရင်းကောက်ယူခဲ့သည်။
#ကန်ကြီးထောင့် #စစ်ကောင်စီတပ်ဖွဲ့ #အသက်ကြီးရွယ်အို #စစ်မှုထမ်းဟောင်း #ပျူစောထီးပြည်သူ့ #စစ်ဝတ်စုံဝတ်ခိုင်း #ယာဥ်စစ်ဆေးဖမ်းဆီးရာတွင်စေခိုင်းနေ #Ayeyarwaddy_Times