
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၁ ရက်
ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့ ညပိုင်းက ကချင်ပြည်နယ်ရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခံရကြောင်း အာဆီယံ၏ ထုတ်ပြန်ချက်အပေါ် စစ်ကောင်စီက ဗြောင်ငြင်းဆိုလိုက်သည်။
“အောက်တိုဘာ ၉ ရက်နေ့က ကချင်ပြည်နယ် မိုင်းလိုင်ခက်မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူအများအပြားအသက်ဆုံးရှုံးခဲ့ရတဲ့အတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက အလေးအနက်ထားရှုတ်ချပါတယ်။ အဲဒီပေါက်ကွဲမှုမှာ ကလေးတွေ အပါအဝင် အရပ်သား အများအပြားပါဝင်တယ် ” ဟု အာဆီယံက အောက်တိုဘာ ၁၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဆီယံအနေဖြင့် စစ်ကောင်စီကမူ မုန်လိုင်ခက်တွင် လက်နက်ခဲယမ်း သိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပြီး ဘက်လိုက်ရေးသားထားသည့် ပြည်တွင်းပြည် ပမီဒီယာများကိုကိုးကား၍ ကချင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများကို ဗုံးကြဲ တိုက်ခိုက်မှုအဖြစ် အာဆီယံက မှားယွင်းစွာဖော်ပြထားကြောင်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာန အောက်တိုဘာ ၁၉ ရက်နေ့ရက်စွဲဖြင့် ထပ်မံငြင်းဆို ထုတ်ပြန်ခဲ့သည်။
ထို့ပြင် လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌက အင်ဒိုနီးရှားနိုင်ငံမှ မုန်လိုင်ခက် စစ်ဘေးရှောင် စခန်းဗုံးကြဲတိုက်ခိုက်ခံရမှု ထုတ်ပြန်ချက်မူကြမ်းကို စစ်ကောင်စီထံပေးပို့ပြီး သဘောထား မှတ်ချက်တောင်းချိန်တွင် မှန်ကန်မှုမရှိကြောင်းပြန်ကြားသော်လည်း အာဆီယံကလက်မခံကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အာဆီယံအနေဖြင့် စစ်ကောင်စီဟု တိုက်ရိုက်စွပ်စွဲကာ ထုတ်ပြန်ထားခြင်း မရှိ သော်လည်း စစ်ကောင်စီကမူ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံ က ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် အာဆီယံကို ထပ်လောင်းအသိပေးအပ်ကြောင်း ဆိုထားသည်။
“ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးတို့အတွက် သဘောတူညီ ချက်ငါးရပ်ကို အပြီးအပြတ် အကောင်အထည်ဖော်ဖို့ လက်ရှိဖြစ်နေတဲ့ အကျပ် အတည်းအတွက် ငြိမ်းချမ်းပြီး တာရှည်ခံတဲ့ အဖြေကို ရှာဖွေရာမှာ မြန်မာနိုင်ငံကို ကူညီပေးဖို့ အာဆီယံရဲ့ ကတိကဝတ်ကို အလေးထားပါတယ်” ဟု အာဆီယံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဆီယံနိုင်ငံအလှည့်ကျ ဥက္ကဋ္ဌနေရာကို အင်ဒိုနီးရှားသမ္မတ ဂျိုဒိုဝီဒိုဒိုက တာဝန်ယူထားပြီး အာဆီယံနိုင်ငံများသဘာတူညီချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ရက်ကို စစ်ကောင်စီလိုက်နာရန်နှင့် ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း ပါရှိသည်။
လက်ရှိတွင်နိုင်ငံတကာ ဖိအားများနှင့်အတူ ဒေသတွင်းနိုင်ငံများကလည်း အာဏာသိမ်း စစ်ခေါင်းဆောင်ကို အသိအမှတ်ပြုလက်ခံထားခြင်းမရှိဘဲ အာဆီယံဒေသတွင်း အစည်းဝေးပွဲများအပါအဝင် နိုင်ငံခေါင်းဆောင်များတက်ရောက်ရမည့် အခမ်းအနားများ ကို စစ်ကောင်စီထံ ဖိတ်ကြားခြင်းမရှိကြောင်းသိရသည်။
ကချင်ပြည်နယ်၊ KIA ဌာနချုပ်အနီးရှိ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းကို ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့တွင် ပေါက်ကွဲအားပြင်းထန်သော unguided ဖြင့် ဗုံးကြဲတိုက်ခိုက်ခံ ရသဖြင့် ကလေးငယ်အပါအဝင် လူသုံးဆယ်နီးပါးသေဆုံးကာ ၅၀ ကျော်ဒဏ်ရာ ရရှိခဲ့သည်။
စစ်ခေါင်းဆောင်သည် အာဏာသိမ်းပြီးနောက် ပြည်သူလုထုကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူအစုလိုက်အပြုံလိုက် သေဆုံးမှုများကို ကျူးလွန်လျက် ရှိသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
#မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း #ဗုံးဖြင့်တိုက်ခိုက်ခံရ #အာဆီယံထုတ်ပြန်ချက် #စစ်ကောင်စီဗြောင်ငြင်းဆို #Ayeyarwaddy_Times