
ဧရာဝတီတိုင်းမ်
(ချင်း)၊ အောက်တိုဘာလ ၂၁ ရက်
မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် စစ်ကောင်စီတပ်မ ၁၀၁ မှ အင်အား ၃၀၀ ဝန်းကျင်နှင့် လက်နက်၊ ရိက္ခာများ တင်ဆောင်လာသော စစ်ကောင်စီယာဉ်တန်း ၈၀ ကျော်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့မှ စတင်၍ ချင်းပြည်နယ်ဘက်သို့ စတင်ထွက်ခွာလာခဲ့ပြီး လက်ရှိတွင် ကျောက်ထု-ပေါက်အကြား ရောက်ရှိနေကြောင်း သိရသည်။
အဆိုပါစစ်ကောင်စီယာဉ်တန်းသည် ချင်းပြည်နယ်၊ မတူပီနှင့် မင်းတပ်ဘက်သို့ ဦးတည်နေကြောင်း သတင်းများထွက်ပေါ်နေသလို မကွေးတိုင်း၊ ထီးလင်းနှင့် ဂန့်ဂေါဘက်ကိုလည်း လက်နက်ရိက္ခာဖြည့် တင်းနိုင်ကြောင်း ခန့်မှန်းထားကြောင်း သိရသည်။
“လောလောဆယ် မင်းတပ်မှာ တိုက်ပွဲကြီးတွေ သိပ်မရှိသလို စစ်ကောင်စီကလည်း စစ်ကြောင်းမထိုးနိုင်တော့ဘူး ပေါ့နော်။ လက်နက်ခဲယမ်းဖြည့်မယ်ဆိုရင် မင်းတပ်ကို ဖြည့်တင်းတာထက် ထီးလင်းနယ်၊ ဂန်ဂေါနယ်ဘက်ကို ဖြည့်တင်းမယ်လို့ သုံးသပ်ပါတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၊ သတင်း၊ ပြန်ကြားရေးနှင့်မှတ်တမ်းဌာနမှ အဖွဲ့ဝင် ဆလိုင်းမင်းတပ်က ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
မင်းတပ်နှင့် ထီလင်းနယ်စပ်ရှိ ရွှေအောင်သာရွာတွင် စစ်ကောင်စီ၏ ရှေ့တန်းတပ်စခန်းရှိသည့်အတွက် လက်နက်၊ ခဲယမ်း၊ ရိက္ခာများကို ဖြည့်တင်းနိုင်သလို ဂန်ဂေါဘက်တွင်လည်း လက်ရှိတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီအနေဖြင့် အင်အားဖြည့်တင်းလာနိုင်ကြောင်းသိရသည်။
စစ်ကောင်စီယာဉ်တန်းအနေဖြင့် ချင်းပြည်နယ်၊ မတူပီ-မင်းတပ်ဘက်သို့ အင်အားဖြည့်တင်းလာပါက တိုက်ပွဲပြင်းထန်လာနိုင်ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)အနေဖြင့် ခုခံတိုက်ခိုက်ရန်အတွက် ကြိုတင်ပြင်ဆင်ထားကြောင်းပြောဆိုသည်။
“မင်းတပ်-မတူပီကို တက်လာတယ်ဆိုရင်တော့ သေချာပေါက်တိုက်ပွဲကြီးတွေ လမ်းတလျှောက်လုံးဖြစ်မှာ သေချာတယ်။ ဒီအတွက် သေချာလည်း ပြင်ဆင်ထားတယ်။ သေချာတာတစ်ခုက သူတို့အထိနာမယ်။ ကျောက်ထုကနေ ထွက်လာမယ်ဆိုကတည်းက မင်းတပ်-ကျောက်ထုကြားထဲမှာပဲ ကျွန်တော်တို့ တိုက်ပွဲတွေ ဖြစ်လာမယ်ဆိုတာ သေချာတယ်ပေါ့နော်” ဟု ဆလိုင်းမင်းတပ်က ဆက်လက်ပြောကြားသည်။
ချင်းပြည်နယ်၊ မင်းတပ်မြို့ဘက်သို့ ဦးတည်လာသော စစ်ကောင်စီယာဉ်တန်းကို တားဆီးဟန့်တားနိုင်ရန်အတွက် ပခုက္ကူ-မင်းတပ်ကြားရှိ အုန်းတောတံတားကို ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နှင့် အောက်တိုဘာ ၃ ရက်နေ့တို့တွင် ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့က နှစ်ကြိမ်ဖောက်ခွဲခဲ့သလို ဒေသကာကွယ်ရေး တပ်ဖွဲ့များက အကြိမ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယခင်နှစ်က ချင်းပြည်နယ်၊ မင်းတပ်-မတူပီဘက်သို့ လက်နက်၊ ရိက္ခာတင်ပို့လာသော စစ်ကောင်စီ၏ နောက်ဆုံးစစ်ယာဉ်တန်းနှင့် ပတ်သက်၍ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)အနေဖြင့် ကြိုတင်သတင်းရရှိခဲ့ပြီး မင်းတပ်-မတူပီအကြား လမ်းတဝက်တွင် အမှည့်ချွေနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့သော်လည်း စစ်ကောင်စီဘက်က ကြိုတင်သတင်းရသွားခြင်းကြောင့် မင်းတပ်မှ မတူပီသို့ ဆက်မသွားတော့ဘဲ လှည့်ပြန်သွားကြောင်းသိရသည်။
ဓာတ်ပုံ-ယခင်နှစ်တွင် ချင်းပြည်နယ်ဘက်သို့ လက်နက်ရိက္ခာတင်ပို့လာသော စစ်ကောင်စီ၏ ယာဥ်တန်း(ပုံအဟောင်း)
#ချင်းပြည် #စစ်ကောင်စီယာဉ်တန်း #၈၀ကျော် #စတင်ဝင်ရောက်လာပါက #တိုက်ပွဲပြင်းထန်မည်