
နွေဦးမောင် /ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၁ ရက်
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ မုဆိုးကွင်းကျေးရွာအုပ်စု မှ အသက် (၁၃)နှစ်အရွယ်ရှိ အမျိုးသမီးငယ်အား တစ်ရွာတည်းနေထိုင်သည့် အသက် (၅၀) နှစ်ဝန်းကျင်ခန့် ရှိသူက မုဒိမ်းကျင့်ရန် ကြံစည်နေစဥ် ဘေးပတ်ဝန်းကျင်မှ တွေ့ရှိကာ ဝိုင်းဝန်းဖမ်းဆီးခဲ့သည့် ဖြစ်စဉ်ကို စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့က ငွေတောင်းခံပြီး အမှုပိတ်ပေးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
သက်ငယ်မုဒိမ်းမှု ကျူးလွန်ရန် ကြိုးစားခဲ့သည်ဟု ဆိုသော ဦးမြင့်ဝေသည် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေး အဖွဲ့အစည်းများအပါအဝင် ရဲတပ်ဖွဲ့ဝင်များနှင့် ရင်းနှီးသူ ဖြစ်သည့်အတွက် အမျိုးသမီးငယ်၏ မိသားစုနှင့် ဝိုင်းဖမ်းပေးခဲ့သည့် ကျေးရွာသားများ၏ လုံခြုံရေးအတွက် စိုးရိမ်နေကြကြောင်း ဒေသခံများက ဆိုသည်။
“အောက်တိုဘာ ဒုတိယအပတ်ကဖြစ်တာ။ အသက် (၁၃)နှစ်ပဲရှိသေးတဲ့ ကလေးမကို စစ်ကောင်စီတပ်တွေနဲ့ ရင်နှီးနေတဲ့ ကိုမြင့်ဝေ ဆိုသူက မုဒိမ်းကျင့်ဖို့ လုပ်ဆောင်နေချိန်မှာ ရပ်ရွာကပြည်သူတွေက ဝိုင်းဖမ်း လိုက်ပြီး ရဲစခန်းမှာ အမှုဖွင့်ပို့ကြိုးစားတဲ့အချိန်မှာ စစ်သားတွေ ၊ ရဲတွေ ရောက်လာပြီး ကျေးရွာက အုပ်ချုပ်ရေးမှုးရုံးကို ခေါ်သွားပြီး ပိုက်ဆံနဲ့ ညှိပေးပြီး အမှုမဖွင့်ခိုင်းတော့တာ “ဟု မိန်းကလေးငယ်၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါဖြစ်စဉ်အတွက် ဦးမြင့်ဝေဆိုသူက ငွေကျပ်သိန်း (၅၀) ပေးခဲ့ရပြီး အမျိုးသမီးငယ်၏ မိသားစုကို နစ်နစ်ကြေးဟုဆိုကာ သိန်း (၃၀) ပေးကာ ညှိနှိုင်းပေးသည့် စစ်သား၊ ရဲနှင့် အုပ်ချုပ်ရေးမှုးက ငွေကျပ် သိန်း (၂၀) ယူခဲ့ကြောင်း သိရသည်။
#မြောင်းမြမြို့ #သက်ငယ်မုဒိန်းကြံစည်မှု #ဖြစ်ပွားခဲ့ #စစ်ကောင်စီ #အုပ်ချုပ်ရေးအဖွဲ့မှ #ငွေကြေးတောင်း
#အမှုပိတ်ခိုင်း #Ayeyarwaddy_Times