ဧရာဝတီတိုင်းမ်
(မုံရွာ)၊ အောက်တိုဘာလ ၂၁ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာအကျဉ်းထောင်တွင် စက်တင်ဘာလ အတွင်း ဆန္ဒ ပြခဲ့သည့် နိုင်ငံရေးအကျဉ်းသားများအနက် နိုင်ငံရေးအကျဉ်းသားအချို့ကို ထပ်တိုး ပြစ်ဒဏ်များထပ်မံချမှတ်ခဲ့ပြီး တောင်းဆိုချက်များကို လိုက်လျောခဲ့သည့် ထောင်ပိုင် ကြီးနှင့် ထောင်ဝန်ထမ်းကိုးဦးကိုလည်း ရာထူးမှထုတ်ပယ်ခဲ့ကြောင်း မုံရွာလူထုသပိတ် တိုက်ပွဲကော်မတီထံက သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံဆန္ဒပြခဲ့ သည့်ဖြစ်စဉ်တွင် ထောင်ဘက်ကတောင်းဆိုချက်များကို လိုက်လျောခဲ့သော်လည်း ယခုအောက်တိုဘာလအတွင်း ဆန္ဒပြမှုတွင်ပါဝင်ခဲ့သည့်နိုင်ငံရေးအကျဉ်းသားများအနက် ကိုဝေမိုးနိုင်အပါအဝင် နိုင်ကျဉ်း ကိုး ဦးကို ထောင်တွင်းပြစ်ဒဏ်များ လျော့ရက် တစ်နှစ်ပိတ်ခြင်း၊ အခြားနိုင်ကျဉ်း ၁၇ ဦးကိုလည်း ထောင်ဒဏ် ၂ နှစ်အထိချမှတ်နိုင်သည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ(၁၄၇)ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

“အစာငတ်ခံ ဆန္ဒပြနေစဉ်မှာ ထောင်ဘက်ကနေပြီးတော့ ဂရုမစိုက်တဲ့အတွက် တောင်းဆိုချက်တွေကို လျစ်လျူရှုထားတဲ့အတွက် ကျန်တဲ့ နိုင်ငံရေးအကျဉ်းသား တွေကပါ ကြွေးကြော်သံတွေတိုင်ပြီးတော့ ဆန္ဒထုတ်ဖော်ခဲ့တာ။ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးဖြစ်ပေမယ့် ၁၇ ဦးကိုပဲ တရားစွဲဆိုထားတယ်လို့သိရပါတယ်။ ဖမ်းဆီးခံရတုန်းက မတရားစွဲဆိုထားတဲ့အမှုတွေအပြင် နောက်ထပ်ထပ်ပြီးတော့ တရားရုံးမှာ ထောင်ကနေတရားလိုပြုလုပ်ပြီး ‌ရာဇသတ်ကြီးပုဒ်မ ၁၄၇ နဲ့ တရား စွဲဆိုထားတာဖြစ်တယ်။ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကလည်း သူတို့လည်း ပါတဲ့အတွက် သူတို့ကိုပါ တရားစွဲဖို့ တောင်းဆိုထားတယ်လို့သိရပါတယ်” မုံရွာလူထု သပိတ်တိုက်ပွဲကော်မတီမှ ကိုရှင်းသန့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီကသည် ထိုစဉ်က ဆန္ဒပြမှုဖြစ်စဉ်အတွင်း နိုင်/ကျဉ်းများ၏ တောင်းဆိုချက် များကို လိုက်လျောခဲ့သည့် ထောင်ပိုင်ကြီးဦး၀င်းမင်းလတ်၊ ထောင်ပိုင်လေးဦး ၀င်းကျော်ဦး၊ အိပ်ဆောင်မှူး ဦးကျော်မိုး၊ အိပ်ဆောင်မှူး ဦးညွန့်၀င်း၊ တိုက်တာ၀န်ခံတပ်သား အာကာကျော်တို့ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး တပ်ကြပ် လေးယောက်ကိုလည်း ၆ လ ကြာ ရာထူးတစ်ဆင့် လျော့ချခဲ့ကြောင်း သိရသည်။

“အရင်ကလူတွေ ထောင်ပိုင်ကြီး၊ ထောင်ပိုင်လေး တို့ဆိုတာက အဲ့လောက်ပြော လို့ဆိုလို့‌ကောင်းတဲ့သူတွေမဟုတ်ဘူး။ လုံး၀ ဗျူရိုကရက် စစ်စစ်တွေ။ စစ်အာဏာရှင်ရဲ့ ဒေါက်တိုင်စစ်စစ်တွေဖြစ်တယ်။ ဒါပေမယ့် သူတို့ရဲ့ အထက်က အမိန့်ကြောင့်သာ လိုက်လျောပေးခဲ့ရခြင်းဖြစ်တယ်။ နောက်ထပ်ရောက်လာမယ့် သူတွေလည်း ပိုဆိုး လာနိုင်လားဆိုရင် ပိုဆိုးလာနိုင်တယ်။ ဘာဖြစ်လို့လဲဆိုရင် အရှေ့မှာက ဥပမာ တွေရှိထားပြီးထောင်ပိုင်တွေအလုပ်ပြုတ်ထားတဲ့အတွက် အကျဉ်းသားတွေကို မလှန်နိုင် အောင် ရောက်ရောက်ချင်းကတည်းက ဖိနှိပ်တာတွေ၊ အကြမ်းဖက် နှိမ်နင်းတာတွေ အထိလုပ်တဲ့ အနေထားတွေရှိလာနိုင်တယ်” ဟု ကိုရှင်းသန့်က ဆက်လက်ပြောသည်။

ထို့ပြင် မုံရွာအကျဉ်းထောင်အတွင်း သန့်ရှင်းသည့်သောက်သုံးရေများမရခြင်း၊ အစား အစာများ သန့်ရှင်းကောင်းမွန်စွာမကျွေးခြင်း၊ ထောင်ဝင်စာတင်းကျပ်ခြင်း၊ ကျန်းမာရေး ပိုင်းတွင်လည်း ကောင်းမွန်စွာဆေးကုသမှုပေးခြင်းများမရှိဘဲ မည်သည့်ရောဂါကိုမဆို ပါရာစီတမောသာ ပေးကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မုံရွာအကျဉ်းထောင်တွင် အကျဉ်းသားများ၏ တစ်ကိုယ်ရေအသုံးအဆောင်များကိုသိမ်းဆည်းခဲ့ပြီး ခွင့်ပြု ထားသည့် အခွင့်အရေးများကို ပိတ်ပင်ခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသား ၅၀ ကျော်က လေးရက်တာ အစာငတ်ခံဆန္ဒပြခဲ့သည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#မုံရွာအကျဉ်းထောင် #စစ်ကောင်စီ #ဆန္ဒပြနိုင်ကျဉ်းများ #ပြစ်ဒဏ်ထပ်မံချမှတ် #ထောင်ပိုင်ကြီးနှင့်ထောင်ဝန်ထမ်းများ #ရာထူးမှထုတ်ပယ် #Ayeyarwaddy_Times