ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၂၁ ရက်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ အောင်ဂျာရွာအနီး ရှိ စစ်ကောင်စီ၏ နောက်ဆုံးအထိုင်တပ်စခန်းကို ယမန်နေ့ အောက်တိုဘာ ၂၀ ရက်နေ့ ညနေပိုင်းတွင် ကချင်လွပ်လပ်ရေး တပ်မတော် (KIA) က တိုက်ခိုက်သိမ်း ပိုက်ရရှိခဲ့ပြီး စစ်ကောင်စီက လေယာဉ်ဖြင့် ပြန်လည်ဗုံးကြဲတိုက်ခိုက်နေ သိရသည်။

စစ်ကောင်စီတပ်နှင့် KIA တပ်များသည် ယမန်နေ့ နံနက်ပိုင်းကတည်း က တိုက်ပွဲပြင်းထန် နေခြင်းဖြစ်ပြီး ညနေပိုင်းတွင် စစ်ကောင်စီတပ် စခန်းကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။

“တိုက်ပွဲက မနက်ကတည်းက ဖြစ်နေတာ။ ညနေ ၄ နာရီလောက်မှာ စခန်းကိုသိမ်းလို့ရခဲ့တာ။ လေယာဉ်နဲ့ ဗုံးကြဲတာ ၉ ကြိမ်ထက်မနည်းဘူး။ အရှင်ဖမ်းမိတာ လည်းရှိတယ်။ ထွက်ပြေးသွားတဲ့ စစ်သားအယောက် ၂၀ နီးပါးနောက်ကိုလည်း လိုက်ပစ်ကြတာ” ဟု ကချင် စစ်ရေးသတင်း‌ရင်းမ်ြစက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ အဓိကတပ်စခန်း သုံးခုအနက် စခန်းနှစ်ခုကို စက်တင်ဘာလကတည်းက သိမ်းပိုက်နိုင်ခဲ့ပြီး ယခုအောက်တိုဘာလတွင် ကျန်ရှိသည့် အထိုင်တပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ် သည်ဟုဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်စခန်းသည် လိုင်ဇာမြို့နှင့် ၁၂ မိုင်ခန့်ဝေးပြီး နမ့်ဆန်ယာန်အနီးရှိ စစ်ကောင်စီ၏ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) လက်အောက်ခံ ဖြစ်သည့် အောင်ဂျာအထိုင်စခန်းတစ်ခု ဖြစ်ကြောင်း သိရသည်။

ထိုသို့ KIA က ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်သေဆုံးကာ လက်နက် ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ၎င်းတို့၏ စခန်းသိမ်းခံရသဖြင့် လေယာဉ်ပစ်ကူများနှင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်လျက်ရှိကာ ယနေ့ အောက်တိုဘာ ၂၁ ရက်နေ့ နံနက်ပိုင်းအထိ ဗုံးကြဲ တိုက်ခိုက်နေကြောင်း သိရသည်။

စစ်ကောင်စီ၏ စခန်းကို သိမ်းပိုက်ပြီးနောက် လက် နက်ကြီး၊ လက်နက်ငယ် ရာကျော်နှင့် လက်နက်ကြီး ကျည် ၂၀၀ ကျော်ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရ သည်။

အလားတူ စစ်ကောင်စီဘက်ကလည်း အဆိုပါအထိုင် စခန်းကို KIA ဘက်က အင်အားအလုံးအရင်းဖြင့် ပိတ် ဆို့တိုက်ခိုက်လာခြင်းကြောင့် ခေတ္တတိမ်းရှောင်ပေးရ ခြင်းဖြစ်ပြီး စခန်းကိုပြန်လည်ရရှိရန်အတွက် လေကြောင်းမှ ပြန်လည်တိုက်ခိုက်နေ ကြောင်း ထုတ်ပြန် ထားသည်။

ဓာတ်ပုံ-ပေးပို့
ပုံစာ-စစ်ကောင်စီ၏ စကခ-၂၁ လက်အောက်ခံဖြစ်သည့် အောင်ဂျာအထိုင်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်စဉ်
#ကချင်ပြည်နယ် #အောင်ဂျာဒေသ #စစ်ကောင်စီနောက်ဆုံးတပ်စခန်း #KIAသိမ်းပိုက် #Ayeyarwaddy_Times