နွေဦးမောင် /ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၁ ရက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာနှင့် ခဲမောက်ကျေးရွာရှိ ရွာချင်းဆက်လမ်းအား ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့ညပိုင်းတွင် ဘက်ဟိုး နှစ်စီးဖြင့် လာရောက်ဖျက်ဆီးသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များမှ သွားရောက် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

တောကျီးကန်းစစ်ကြောင်း နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းအဖွဲ့သည် ရွာချင်းဆက်လမ်းများအား လာရောက်ဖျက်ဆီးသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ ည ၇ နာရီ ကျော်ခန့်က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။

“ရွာချင်းဆက် လမ်းတွေကို လိုက်လံဖျက်ဆီးနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို သတင်းအရ သွားရောက်တိုက်ခိုက်ခဲ့တာပါ။ ညဘက်ကြီးလာဖျက်ဆီးတာ။ စစ်ကောင်စီ အမြှောက်တပ်က အဝေးကနေ လက်နတ်ကြီးပစ်ကူယူပြီး ဘက်ဟိုး နှစ်စီးနဲ့ ရွာချင်းဆက် လမ်းတွေကို မြောင်းတွေတူးပစ်တာ။ သွားရောက်ပစ်ခတ်ပြီးမောင်းထုတ်နိုင်ခဲ့တယ်။ သူတို့ (စစ်ကောင်စီတပ်) ဘက်က ထိခိုက်သေဆုံးမှု့တွေရှိပေမယ့် အသေးစိတ်ကို စုံစမ်းနေပါတယ် “ဟု တောကျီးကန်းစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များ၏ သွားရောက်တိုက်ခိုက်မှုကြောင့် ရွာချင်းဆက်လမ်းအား လာရောက်ဖျက်ဆီးသည့် အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် နောက်ကြောင်း ပြန်လှည့်သွားပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း တောကျီးကန်းစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံထံက သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း မွန်ပြည်နယ် ဘီးလင်းမြို့ ရန်ကုန်-မော်လမြိုင် ကားလမ်းပိုင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ် ယာဥ်တန်းအား တော်လှန်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ထပ်မံအင်အားဖြည့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တေားကျီးကန်းစစ်ကြောင်း ၊ KNLA ပူးပေါင်းတပ်ဖွဲ့များထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၂ ဦးခန့် သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တောကျီးကန်းစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-ပေးပို့
ပုံစာ-စစ်ကောင်စီတပ်များ ဖျက်ဆီးခဲ့သည့် ရွာချင်းဆက်လမ်းအားတွေ့ရစဉ်
#မွန်ပြည်နယ် #ရွာချင်းဆက်လမ်းများ #ဘက်ဟိုး၂စီး #လာရောက်ဖျက်ဆီး #စစ်ကောင်စီတပ်တိုက်ခိုက်ခံရ #Ayeyarwaddy_Times