
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၀ ရက်
ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ပုသိမ်-ငွေဆောင်လမ်းမအနီးရှိ ကျေးရွာအချို့တွင် တော်လှန်ရေးအင်အားစုများ ခိုအောင်းနေသည်ဟု အကြောင်းပြ၍ ယမန်နေ့(အောက်တိုဘာ ၁၉)နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် ပျူစောထီး(ပြည်သူ့စစ်)အင်အား၄၀ နီးပါးဖြင့် စစ်ကြောင်းထိုးနေကြောင်း ဒေသခံများထံကသိရသည်။
ပုသိမ်မြို့ ပုသိမ်-ငွေဆောင် လမ်းမအနီးရှိ သလပ်ခွာ၊လွှစင်ကုန်းနှင့် အလယ်ရွာစသည့်ကျေးရွာများအနီးသို့ ယမန်နေ့ နံနက် ၈နာရီ ဝန်းကျင်မှ ညနေ ၅နာရီ ၃၀မိနစ်အထိ ပုသိမ်အခြေစိုက်ခလရ -၃၈နှင့် ပျူစောထီး(ပြည်သူ့စစ်)အင်အား ၄၀ ဦးခန့်က စစ်ကြောင်းထိုးမှုများ ပြုလုပ်နေကြောင်း မျက်မြင်တွေ့ရှိရသည့် ဒေသခံများထံက သိရသည်။
” မနေ့က နံနက်၈နာရီ ကနေ ညနေပိုင်းအထိကို စစ်တပ်နဲ့ပြည်သူ့စစ်တွေ ရွာအနားကိုလာပြီး စစ်ကြောင်းထိုးသွားတယ်။ PDF တွေ ရှိလို့လာစစ်တာခင်ဗျ။ တကယ်က ရွာအနောက်မှာတောပဲရှိတယ်။ ဘာမှကိုမရှိဘူး” ဟု သလပ်ခွာကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကြောင်းထိုးဝင်ရောက်ခဲ့စဥ်တောတောင်အတွင်းနေထိုင်သည့် ဒေသခံများကို စစ်ကောင်စီတပ်မှ စစ်ဆေးမှုများပြုလုပ်ခဲ့ကာ တောတောင်အတွင်း နေထိုင်ခြင်းမပြုရန် သတိပေးမောင်းထုတ်မှုများ ပြုလုပ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ကျေးရွာဒေသခံများက ပြောသည်။
” စစ်တပ်တွေက ရွာထဲကိုမဝင်ဘူး ။ ရွာအနားတောတောင်ဘက်ကိုဝင်စစ်ကြောင်းထိုးတာ။သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်တိုက်စစ်ခံရတယ်။ တောထဲမှာမနေရဘူး။ ရွာထဲကိုအတင်းပြန်ခိုင်းနေတာ။ နောက်တခါထပ်တွေ့ရင် အဖမ်းခံရမယ်ဆိုပြီး ခြိမ်းခြောက်သွားတယ်”ဟုအလယ်ရွာကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့်အောက်တိုဘာလ ဒုတိယအပတ်ကလည်း ပုသိမ်မြို့ ငွေဆောင်မြို့နယ်ခွဲပုသိမ်-ငွေဆောင် လမ်းမအနီးကျေးရွာများတွင် တော်လှန်ရေးအင်အားစုများ ခိုအောင်းနေသည်ဟုဆိုကာ စစ်ကောင်စီတပ်နှင့်ပျူစောထီး(ပြည်သူ့စစ်)အင်အား ၄၀ ခန့်က စစ်ကြောင်းထိုးမှုများ ရှိခဲ့ကြောင်းသိရသည်။
ထို့အပြင် ပြီးခဲ့သည့်ဇူလိုင်လ၊သြဂုတ်လနှင့်စက်တင်ဘာလ တို့တွင်လည်း ငရုပ်ကောင်းမြို့နှင့်ငွေဆောင်မြို့နယ်ခွဲရှိ ကျေးရွာများအနီးသို့ စစ်ကောင်စီတပ်မှ အင်အား ၅၀ နီးပါးဖြင့် တော်လှန်အင်အားစုများ ခိုအောင်းနေသည်ဟု အကြောင်းပြကာ စစ်ကြောင်းထိုးမှုအကြိမ် ၁၀၀ ကျော်အထိ ပြုလုပ်ခဲ့ကြောင်း ဒေသခံများကပြောသည်။
#ပုသိမ်ငွေဆောင်လမ်း #ကျေးရွာအချို့ #PDFများခိုအောင်း #အကြောင်းပြ #စစ်ကောင်စီ #ပျူစောထီး #အင်အားအများအပြား #စစ်ကြောင်းထိုး
#Ayeyarwaddy_Times