ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၀ ရက်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ မိသားစုဟာ နာမည်ကျော်အမှတ်တံဆိပ် လက်ကိုင်အိတ်နဲ့ နာရီလိုမျိုး ဇိမ်ခံပစ္စည်းတွေအတွက် နှစ်စဉ် ဒေါ်လာ သန်းချီ သုံးစွဲနေပြီး သူတို့ရဲ့ ကြွယ်ဝချမ်းသာမှုကို ကြွားလုံး ထုတ်လာတယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

၂၀၀၆ ခုနှစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဒဏ်ခတ်အရေးယူမှုအရ မြောက်ကိုရီးယားသို့ ဇိမ်ခံပစ္စည်း တွေ တင်ပို့ခွင့်ပိတ်ပင်ထားပေမယ့် မြောက်ကိုရီးယားအစိုးရဟာ ဇိမ်ခံပစ္စည်းတွေ တင်သွင်းနိုင်ခဲ့တယ်လို့ တောင် ကိုရီးယားသတင်းဌာန Yonhap က ဖော်ပြပါတယ်။

“မြောက်ကိုရီးယားအစိုးရဟာ ကင်ဂျုံအန်မိသားစုအတွက် နှစ်စဉ် ကိုရီးယားဝမ် ဘီလီယံချီတန်ကြေးရှိတဲ့ ဇိမ်ခံပစ္စည်းတွေ တင်သွင်းပုံပေါ်တယ်” လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနမှ အမည်မဖော် လိုတဲ့ တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

တင်းကျပ်သော နယ်စပ်ထိန်းချုပ်မှုကြောင့် ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း ဇိမ်ခံပစ္စည်းတင်သွင်းမှု လျှော့နည်းခဲ့ပေမယ့် ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်နောက်ပိုင်း ဇိမ်ခံပစ္စည်းတင်သွင်းမှု တိုးလာခဲ့တယ်လို့ သူက ဆိုပါ တယ်။

တောင်ကိုရီးယားထောက်လှမ်းရေးနဲ့ မြောက်ကိုရီးယားမှ ဘက်ပြောင်းခိုလှုံသူတွေရဲ့ ပြောကြားချက် တွေကို အခြေခံပြီး ကင်ဂျုံအန်မိသားစုရဲ့ ဇိမ်ခံပစ္စည်းသုံးဖြုန်းမှုကို အကဲဖြတ်တာပါ။

စက်တင်ဘာလအတွင်း ရုရှားခရီးစဉ်တစ်ခုမှာ ကင်ဂျုံအန်ရဲ့ညီမဖြစ်သူ ကင်ယိုဂျန်က အမေရိကန်ဒေါ် လာ ၉၅၀၀ တန်ကြေးရှိ ပြင်သစ်ဇိမ်ခံအမှတ်တံဆိပ် Christian Dior လက်ကိုင်သားရေအိတ်တစ်ခု ကိုင်ဆောင် တာကို တွေ့ခဲ့ရပါတယ်။

ကင်ဂျုံအန်ကလည်း သူ့ကို သစ္စာခံသူတဲ့ မြောက်ကိုရီးယား တာဝန်ရှိသူတွေကို ဇိမ်ခံပစ္စည်းတွေ လက် ဆောင်ပေးလေ့ရှိတယ်လို့ နာမည်ကျော်ပါတယ်။
အထူးစစ်ဆင်ရေးမှာ အောင်မြင်မှုရတဲ့သူတွေကို ကင်ဂျုံအန်က ဇိမ်ခံကားတွေ လက်ဆောင်ပေးတယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူက ပြောပါတယ်။

“မိသားစုဝင်တွေရဲ့ မွေးနေ့အခမ်းအနားတွေ၊ ပါတီညီလာခံအစည်းအဝေးတွေမှာ ကင်ဂျုံအန်က Omega လိုမျိုး ဆွစ်ဇာလန်လုပ် နာမည်ကျော်နာရီတွေ၊ နောက်ဆုံးပေါ် လျှပ်စစ်ပစ္စည်းတွေ လက်ဆောင်ပေးပါတယ်” လို့ အဆိုပါတာဝန်ရှိသူက ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့စီးပွားရေးက ၃ နှစ်ဆက်တိုက် ကျဆင်းနေပြီး GDP တန်ဖိုးက ဒသမ ၂ ရာခိုင် နှုန်းအထိ ကျဆင်းသွားခဲ့တယ်လို့ တောင်ကိုရီးယား ဗဟိုဘဏ်ဖြစ်တဲ့ Bank of Korea ရဲ့ ဇူလိုင်လ အစီရင်ခံစာ မှာ ဖော်ပြခဲ့ပါတယ်။

ကိုးကား – The Straits Times
Ref; North Korea’s Kim Jong Un’s family spends millions yearly on luxury goods: South Korean official

#Ayeyarwaddy_Times