ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၀ ရက်

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့တွင် မြို့နယ်စစ်ကောင်စီမှ ညမထွက်ရ အမိန့်ကိုပြင်ဆင်ထုတ်ပြန်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လုံခြုံရေးတင်းကျပ်၍ စစ်ဆေးနေကြောင်းမြို့ခံများထံကသိရသည်။

အင်္ဂပူမြို့အတွင်း၌ ယမန်နေ့ကစ၍ ယခင်က ည၁၀နာရီမှ နံနက်၄နာရီထိ ညမထွက်ရအမိန့်အစား အမိန့်အသစ်အနေဖြင့် ည၁၂နာရီမှ နံနက်၄နာရီ သို့ပြောင်းလဲခဲ့သည့်အပြင် ညအချိန်ကျော်လွန်အပြင်ထွက်သူများအပေါ် ပစ်ခတ်ဖမ်းဆီးရန် မြို့နယ်စစ်ကောင်စီမှ ညွှန်ကြားထားကြောင်း မြို့နယ်ရဲစခန်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံက သိရသည်။

” ညမထွက်ရအမိန့်ကို အရင်အချိန်ကနေ အချိန်ပြောင်းလိုက်တာပေါ့။ အရင်က ည၁၀နာရီမနက်၄နာရီ ကို အခု ည၁၂နာရီ မနက်၄နာရီ အချိန်ပြောင်းလိုက်တာ။ အရင်ကညအချိန်လွန်ထွက်ရင် ဒီအတိုင်းပဲဖမ်းတာတို့ဒဏ်ပေးတာတို့ ငွေတောင်းတာတို့လုပ်တယ်။ ငွေမပေးနိုင်ရင်တော့ ထောင်တစ်လချတယ်။ အခုအမိန်အသစ်မှာက စစ်ဆေးတာမလုပ်တော့ဘူး။ တခါထဲပစ်မိန့်ပေးလိုက်တယ်။ တွေ့တဲ့နေရာမှာ ပစ်ဖမ်းရင်ဖမ်းပေါ့။ အခန့်မသင့်ရင်လည်း အသက်သေအောင်ပစ်ဖမ်းတာပါညွှန်ကြားထားတယ်”ဟု မြို့နယ်ရဲစခန်းနှင့် နီးစပ်သည့် ရဲသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းကဲ့သို့ ညမထွက်ရ အမိန့်အသစ်ပြောင်းလဲခဲ့ပြီးနောက် မြို့အတွင်းရှိ မြို့နယ်ရဲစခန်းရှေ့၊ ဆောက်လုပ်ရေးရုံးလမ်းဆုံနေရာနှင့် မြို့အဝင်အထွက်နေရာ၌ စစ်ကောင်စီတပ်၊ ရဲနှင့် ပျူစောထီး (ပြည်သူ့စစ်)အဖွဲ့များသည် ည၈နာရီမှစ၍ ကင်းချစစ်ဆေးမှုများရှိနေကြောင်း မြို့ခံများကပြောသည်။

”ညမထွက်ရအမိန့်ထုတ်ပြီးတော့ မြို့ထဲမှာအရင်ထက် စစ်တပ်တွေရဲတွေပိုတွေ့လာရတယ်။ လမ်းဆုံနေရာတွေမှာဆို အရင်ထက်ပိုစစ်လာတယ်။ည၈နာရီ ကျော်ရင်ကင်းလှည့်တာတို့ ကင်းချစစ်တာတို့ပိုတွေ့နေရပြီ”ဟု မြို့ခံတစ်ဦးကဆိုသည်။

အင်္ဂပူမြို့နယ်တွင် ပြီးခဲ့သည့်စက်တင်ဘာ ဒုတိယအပတ်ကလည်း ကျေးရွာတစ်အုပ်စုချင်း နယ်ကျော်သွားရောက်လိုပါက လဝက ထောက်ခံစာပြုလုပ်မှသာ သွားလာခွင့်ပြုထားကြောင်းသိရသည်။

#အင်္ဂပူမြို့ #ညမထွက်ရအမိန့် #ပြင်ဆင်ထုတ်ပြန် #စစ်ကောင်စီတပ်ဖွဲ့ #စစ်ဆေးရေးတင်းကျပ်
#Ayeyarwaddy_Times