ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၉ ရက်

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အနီးကျေးရွာများတွင် ညအိပ်ကောက်ရိတ်သိမ်းသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ သန်းခေါင်စာရင်းစစ်ဆေး၍ တစ်ဦးလျှင်ငွေတစ်သောင်းကျပ် အတင်းအကျပ်ငွေညစ်တောင်းယူနေကြောင်း ဒေသခံများထံက သိရသည်။

ကျုံပျော်မြို့နယ် ပျဥ်းကတို့ကုန်း ၊ကရင်တောကြီးစသည့်ကျေးရွာများတွင် ညအိပ်ကောက်ရိတ် အလုပ်သမားများကို ရပ်ကျေးအုပ်ချုပ်ရေးမှူး၊စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ခေါ်ယူ၍ သန်းခေါင်စာရင်းစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။

”လယ်တဲဘက်ကို အုပ်ချုပ်ရေးမှူးနဲ့ စစ်သားတွေ ရဲတွေလာပြီးတော့ ဧည့်စာရင်းစစ်မယ်ဆိုပြီး ခေါ်သွားတာ။ဟိုရောက်တော့ ဘယ်မှာနေတာလဲ။ဘာအလုပ်လုပ်လဲ အမေးခံရတယ်။တစ်ညလုံးမေးစရာရှိရင်မေးမယ့်ပုံစံနဲ့အညစ်ခံရတယ်” ဟု ပျဥ်းကတိုးကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုကဲ့သို့ ဧည့်စာရင်းစစ်ဆေးခဲ့ပြီးနောက် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့် ရဲများက ကောက်ရိတ်သူများထံမှ ညကင်းကြေးအဖြစ် တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ ကျပ် တစ်သောင်းစီ တောင်းခံခဲ့ကြောင်းသိရသည်။

” ပြန်လွတ်စေချင်ရင် ညကင်းကြေးတစ်ယောက်ကိုတစ်သောင်းတောင်းတယ်။ အဲဒါလက်ထဲရှိတဲ့ ငါးထောင်ပေးလိုက်ရတယ်။ မရှိတဲ့သူတွေကိုလည်း လက်ထဲရှိသမျှပိုက်ဆံအကုန်ယူသွားတယ်” ဟု ကရင်တောကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

အလားတူ အင်းမရွာတွင်လည်း ရန်ကုန်တွင်အလုပ်လုပ်ကိုင်ပြီး ကျေးရွာသို့ လယ်ရိတ်သိမ်းရန်ပြန်လာသည့် ဒေသခံလင်မယားနှစ်ဦးကို ရဲနှင့်ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ နေအိမ်သို့လာရောက်၍ စစ်ဆေးမှုပြုလုပ်ကာ ငွေတောင်းခံခဲ့ကြောင်း သိရသည်။

#ကျုံပျော်တွင် #ညအိပ်ကောက်ရိတ်သိမ်းနေသူများ #စစ်ကောင်စီတပ် #သန်းခေါင်စာရင်းစစ်၍ #ငွေတောင်း #Ayeyarwaddy_Times