ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၁၉ ရက်

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး တာဝန်များမှ ဖယ်ရှားခံခဲ့ရသည့် ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ် ကို ပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ စစ်ဆေးနေကြောင်း တပ်တွင်းသတင်းရင်းမြစ်များနှင့် စီးပွားရေး လုပ်ငန်းရှင်အချို့ထံမှ သတင်းရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့က ၎င်းကို ပြည်ထောင်စု၀န်ကြီးအဖြစ်မှလည်းကောင်း၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၀င်အဖြစ်မှ ထုတ်ပယ်ပြီး စစ်ဘက်‌ဆိုင်ရာ မူလတာတန်များကို ပြန်လည်ထမ်းဆောင်စေသည်ဟု သတင်းထုတ်ပြန်ပြီးသည့်နောက်ပိုင်း ၎င်းကို တိကျသည့်ရာထူးတစ်ခု ထုတ်ပြန်ပေးအပ်ခြင်းမရှိဘဲ စစ်ဆေးမှုများလုပ်ဆောင်နေသည်ဟု တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

“တရား၀င်စာထုတ်ပြီး မထုတ်ပယ်ခင်ကတည်းက ဆေးကုသခွင့်နဲ့ သူ့အိမ်မှာအကျယ်ချုပ် ပုံစံနဲ့ထားတာ။ မိသားစုစီးပွားရေးတွေနဲ့ ပတ်သက်ပြီး တိုင်စာတွေ စစ်ခေါင်းဆောင်က ဖတ်နေတဲ့အချိန် ချုပ် ထားတာ။ အခုလည်းစစ်နေတာ အိမ်မှာလား၊ ဘယ်နေရာမှာလဲဆိုတာ မသိရဘူး။ စစ်ဆေးနေတယ်လို့ပဲ သိရတယ် “ဟု စစ်တပ်မှ အရာရှိကြီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ၂၀၂၃၊ ‌ဩဂုတ်လ ၃ ရက်နေ့ကတည်းက ဒုတိယ၀န်ကြီးချုပ် တာဝန်နှင့် ပြည်ထဲရေး၀န်ကြီးနေရာ များကနေ ဖယ်ရှားပြီး ၎င်း၏အူမကြီးကင်ဆာရောဂါ ကြောင့် ဆေးကုသခွင့် ပေးသည်ဟုဆိုကာ အိမ်တွင် အနားယူခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“၀န်ကြီးကို မိသားစုစီးပွားရေးနဲ့ အခြားစီးပွားရေးလုပ်ငန်းတွေအတွက် တိုင်စာတွေနဲ့ပတ်သက်ပြီး ရာထူးကနေဖြုတ်ပြီးတော့ စစ်ဆေးနေတယ်လို့ အကြမ်းဖျဉ်းသိရတယ်။ ဒီ ပြစ်မှုလောက်နဲ့ နိုင်ငံတော်ဒု၀န်ကြီးချုပ်ရာထူးကနေ ဖယ်ဖို့ ဆိုတာ တော်ရုံမဟုတ်ဘူး။ နောက်ကွယ်က စစ်ခေါင်းဆောင်ရဲ့ အယုံကြည်နည်းလာမှုကို တွေ့ရတယ်”ဟု တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် မိသားစုဝင်များသည် စီးပွားရေး လုပ်ငန်းများနှင့်ပတ်သက်ပြီး လာဘ်ယူမှုများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစုများတွင် ရှယ်ယာပါ၀င်ခြင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာန၏ လုပ်ငန်းများအတွက် တင်ဒါလုပ်ငန်းများကို လုပ်ပိုင်ခွင့်ပေးရာတွင် ငွေကြေးလက်ဆောင် လက်ခံရယူရာတွင် နာမည်ကြီးကြောင်း ဆောက်လုပ်ရေးလုပ်ငန်းနှင့် ဆက်စပ်သူများကဆိုသည်။

“ စိုးထွဋ်ရဲ့ မိန်းမက နာမည်ကြီးပဲ။ ငါးမိနစ်ပဲအတွေ့ခံပြီး စကားပြော ပြီးရင်ပိုက်ဆံယူထား။ ခဏနေရင် နောက်တစ်ဖွဲ့နဲ့တွေ ထပ်ယူလုပ်တာ။ သူ့သားတွေကလည်း ပြည်ထဲရေးကလုပ်တဲ့ လုပ်ငန်းတင်ဒါမှန်သမျှ လက်ဝါးကြီးအုပ်ထားတာ” ဟု ဆောက်လုပ်ရေးလုပ်ငန်းနှင့် ဆက်စပ်နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

NLD အစိုးရလက်ထက်တွင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်ပြီး ဆက်ဆံရေး ကောင်းမွန်သည့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနေရာတွင် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို စစ်ခေါင်းဆောင်က ယုံကြည်စွာ တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်၏ အာဏာသိမ်းလုပ်ငန်းစဉ်တွင်လည်း တက်ကြွစွာပါဝင်ခဲ့ပြီး နိုင်ငံတော်အကြီးအကဲများကို လာရောက်ဖမ်းဆီးစဉ် လိုက်ပါခဲ့သူ ဖြစ်သည်။ လက်ရှိတွင် ၎င်းနှင့် ၎င်း၏မိသားစု၀င်များ၏ ပိုင်ဆိုင်မှုများနှင့် ငွေကြေးစီးဆင်းမှုများကို စစ်ဆေးနေကြောင်းသိရသည်။

မကြာသေးခင်ကလည်း စစ်ခေါင်းဆောင်၏ လူယုံတစ်ဦးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်ရန်နောင်စိုးတို့ကို အဂတိလိုက်စားသည့်အတွက် စစ်ခုံရုံးကထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။

#ဒုတိယဝန်ကြီးချုပ် #ပြည်ထဲရေးဝန်ကြီး #တာဝန် #ဖယ်ရှားခံခဲ့ရ #ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် #ပိုင်ဆိုင်မှုများစစ်ဆေးနေ #Ayeyarwaddy_Times