
ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊အောက်တိုဘာလ ၁၉ ရက်
တနင်္သာရီ တိုင်း၊ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့် အပါဝင် ၁၁ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း ထံကသိရသည်။
သရက်ချောင်းမြို့နယ်၊ကတွဲ ကျေးရွာမှ ထွက်ခွာလာသော စစ်ကောင်စီတပ်အင်အား ၅၃ ဦးပါ စစ်ကောင်စီစစ်ကြောင်းကို ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့ နံနက် ၇ နာရီ ၁၃ မိနစ်ခန့်တွင် ရငဲကျေးရွာနှင့် ကတွဲကျေးရွာ ရွာချင်းဆက် လမ်းပေါ်တွင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်း (T5 – Zone) ၊ ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့နှင့် ယူဂျီအင်အားစုများက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ကြောင်းသိရသည်။
“သူတို့(စစ်ကောင်စီတပ်)ဘက်က အကျအဆုံးများတယ်။ အဲဒီ အထဲမှာမှ စစ်ဗိုလ် တစ်ဦးသေတယ်။ စစ်ဗိုလ်တစ်ဦး အတွက်ပဲ အသုဘ အခမ်းအနားပြုလုပ်ပေးမယ် လို့ကြားရတယ်။ ကျန်တဲ့ စစ်ကောင်စီ တပ်သား ၁၀ ဦး ရဲ့ရုပ်အလောင်းတွေကို တော့ တပ်ရင်းအတွင်းမှာပဲ တွင်းတူးပြီး မြေမြုပ်ပေးမယ်လို့သိရတယ်” ဟု ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း T5 – Zone မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါမိုင်း ဆွဲ တိုက်ခိုက်မှု မှာ ခမရ (၄၀၄) တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦး အပါအဝင် စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရပြီး တိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်ကောင်စီတပ်သားအလောင်းများနှင့် ဒဏ်ရာရသူများကို ဝင်းဝ ကျေးရွာ ရဲစခန်းမှ စစ်ကားဖြင့် လာရောက်သယ်ယူခဲ့သည်။
ထို့သို့ လာရောက်သယ်ယူသော ဝင်းဝ ကျေးရွာ ရဲစခန်းမှ စစ်ကားကို မဟာမိတ်ပူးပေါင်းတပ်များမှ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး အခြေအနေအသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီစစ်ကြောင်းသည် ရငဲကျေးရွာ အတွင်းရှိ ပြည်သူပိုင် နေအိမ် သုံးလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံကသိရသည်။
ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း။
#သရက်ချောင်းတိုက်ပွဲ #စစ်ကောင်စီတပ် #စစ်ဗိုလ်အပါဝင်၁၁ဦးသေဆုံး #သေဆုံးစစ်သားအလောင်းများ #စစ်ကားထပ်မံမိုင်းဆွဲခံရ #Ayeyarwaddy_Times