
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၉ ရက်
စစ်ကောင်စီ၏ ရာထူးအကြီးပိုင်းနှစ်ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရပြီးနောက် ပုသိမ်မြို့အခြေစိုက် (အနောက်တောင်တိုင်းစစ်ဌာနချုပ်) မှ အရာရှိကြီးငယ်အချို့ပိုင်ဆိုင်သည့် အိမ်၊ခြံမြေများကို မြေပွဲစားအကျိုးဆောင်များမှတဆင့် ရောင်းချမှုရှိနေကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ၁၀ ရက်နေ့က ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ်ရန်နောင်စိုးတို့ နှစ်ဦးကို စစ်ကောင်စီမှထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီးနောက်ယခုကဲ့သို့ ရောင်းချမှုများ ပြုလုပ်လာကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
” ဗိုလ်မှူးကြီးအဆင့်ကနေ ဗိုလ်ကြီးအဆင့်အထိပေါ့ ပြောရရင်တပ်ရင်းမှူးကနေ တပ်စိတ်မှူးအထိ အဆင့်ရှိတဲ့သူတွေအကုန်လန့်နေတာ။ ပိုင်တဲ့အိမ်တွေခြံတွေကိုအကုန်ရောင်းခိုင်းတယ်။ ပေါက်စျေးကိုတောင်လျော့ပြီးတော့ ပွဲစားတွေကိုခေါ်ပြီး ရောင်းခိုင်းနေတာ။ ပိုင်ဆိုင်တဲ့နာမည်နေရာကို သူတို့နာမည်မသုံးဘူး။ ဆွေမျိုးသားချင်းနာမည်တွေသုံးနေကြတာပေါ့” ဟု တိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သည့်တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ငွေဆောင်နှင့်ချောင်းသာမြို့နယ်ခွဲများတွင်လည်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖက်စပ်လုပ်ကိုင်နေသည့် ကမ်းခြေဟိုတယ်များကို ပုသိမ်မြို့တွင်း၌ ကြေငြာထောင်၍ တဖတ်လှည့်ရောင်းချမှုများ ပြုလုပ်နေကြောင်း ပုသိမ်မြို့ရှိ အိမ်ခြံမြေအကျိူးဆောင်လုပ်ကိုင်သူ တစ်ဦးကပြောသည်။
” ဟိုတယ်တွေပါရောင်းလာတာတွေ့ရတယ်။ဆိုင်းပုဒ်တွေထောင်ပြီးရောင်းနေတာ။ ကျွန်တော်တို့ဆီ ကြေငြာတင်ခိုင်းပြီးရောင်းခိုင်းတာလည်းရှိတယ်။ဟို တယ်အရေအတွက်က ၃၀ ကျော်လောက်ရှိမယ်။ စျေးကတော့သိန်း တစ်သောင်း ဝန်းကျင်နဲ့ကို အတင်းရောင်းနေကြတယ်” ဟု ပုသိမ်မြို့ရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကဆိုသည်။
စစ်တပ် အာဏာသိမ်းယူခဲ့သည့် နှစ်ခွဲကျော်ကာလအတွင်း ပုသိမ်၊ချောင်းသာနှင့် ငွေဆောင် စသည့်မြို့များရှိ အိမ်ခြံမြေများကို (အနောက်တောင်တိုင်းစစ်ဌာနချုပ်) ရှိ အရာရှိကြီးပိုင်းအချို့နှင့် ခရိုနီစီးပွားရေးသမားများ ပူးပေါင်း၍ ဝယ်ယူပိုင်ဆိုင်မှုများ ရှိခဲ့ကြောင်း အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူများထံက သိရသည်။
ဓာတ်ပုံ-စစ်ကောင်စီ
#ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်
#ထောင်ဒဏ်တစ်သက်တစ်ကျွန်း #ချမှတ်ခံရ
#ပုသိမ်နတခ #အရာရှိကြီးအချို့ #ပိုင်ဆိုင်သည့်အိမ်၊#ခြံမြေ #ပြန်လည်ရောင်းချနေ
#Ayeyarwaddy_Times