ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၉ ရက်

ဧရာဝတီတိုင်း၊ ငပုတောမြို့အနီးကျေးရွာများမှ ဒေသခံလူငယ် (၆၀)ဦးထက်မနည်းကို စစ်သင်တန်းတက်ရောက်ရန် စစ်ကောင်စီတပ်မှ ခေါ်ယူစည်းရုံးနေကြောင်း သိရသည်။

ငပုတောမြို့အနီးရှိ ဒီးဒူးကုန်း ၊မေဒါအိုင်နှင့် မကျီးချိုင် ကျေးရွာများတွင် အောက်တိုဘာလ ၁၇ ရက်နေ့ကစ၍ စစ်ကောင်စီတပ်အင်အား ၁၅ ဦးခန့်ဖြင့် ဝင်ရောက်၍ ဧည့်စာရင်းစစ်ဆေးမည်ဟုအကြောင်းပြ၍ လူငယ်အမျိုးသားများကို စစ်သင်တန်းတက်ရောက်ရန် စည်းရုံးမှုပြုလုပ်ခဲ့ကြောင်း ကျေးရွာဒေသခံများထံက သိရှိရသည်။

” ရွာတွေထဲကိုစစ်တပ်တွေဝင်ပြီး ဧည့်စာရင်းလာစစ်တာသုံးရက်ရှိပြီ။ ရပ်ကျေးအဖွဲ့နဲ့ပေါင်းပြီးတော့ လူငယ်တွေကို စစ်သင်တန်းတက်ဖို့ လိုက်စည်းရုံးနေတယ်။သင်တန်းတက်ဖို့ ငါးသိန်း ပေးမယ်ဆိုပြီး လိုက်စည်းရုံးနေတာ”ဟု ဒီးအူးကုန်းကျေးရွာဒေသခံ လူငယ်အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယင်းသို့စည်းရုံးရာ၌ လူငယ်များက စစ်သင်တန်းတက်ရောက်လိုခြင်းမရှိသဖြင့် စစ်ကောင်စီတပ်သားများနှင့် ရပ်ကျေးအုပ်ချုပ်ရေးပူးပေါင်း အဖွဲ့က လူငယ်ဦးရေ ၆၀ဦးထက်မနည်း ကို စစ်သင်တန်းတက်ရန် အတင်းအကျပ်ခေါ်ဆောင်နေကြောင်း ကျေးရွာဒေသခံလူငယ်များထံက သိရှိရသည်။

” ရွာထဲလူငယ်တွေကို ညပိုင်းအပြင်ထွက်တာနဲ့ ဖမ်းတယ်။ အခုအယောက်၂၀ လောက်ရှိနေပြီ။ တခြားရွာတွေမှာလည်းအတူတူပဲ။လူငယ်၆၀ ဦးလောက်ရှိနေပြီ။ တပ်ထဲကိုအတင်းအခေါ်သွားနေတာ။ ရွာထဲကသူတွေလည်း ပြေးတဲ့သူတွေပြေးကုန်ပြီ”ဟု မေဒါအိုင်ကျေးရွာဒေသခံလူငယ်တစ်ဦးက ဆိုသည်။

ထို့အပြင်ငပုတောမြို့နယ်ရှိ ဒီးဒူးကုန်းအုပ်စု ရှင်စောပု ဘုရားအနီး၌ ပြီးခဲ့သည့်အောက်တိုဘာလ ဒုတိယအပတ်ကစကာ စစ်ကောင်စီတပ်မှ စစ်တပ်သတင်းပေးများကို အသုံးပြုပြီး ဒေသခံလူငယ်များကို စစ်သင်တန်းတက်ရောက်ရန် စည်းရုံး၍ လူငယ်၃၀ ဦးထက်မနည်း တပ်တွင်းသို့ ပို့ဆောင်မှုရှိခဲ့ကြောင်း သိရသည်။

#ငပုတောမြို့ #ကျေးရွာများမှ #ဒေသခံလူငယ် #၆၀ ခန့်ကို #စစ်သင်တန်းတက်ရန်စည်းရုံး
#Ayeyarwaddy_Times