ဧရာဝတီတိုင်းမ်
(နတ်တလင်း)၊ အောက်တိုဘာလ ၁၉ ရက်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် အောက်တိုဘာလ ၁၅ ရက်နေ့မှစတင်၍ စစ်ကြောင်းထိုးလာသည့် စစ်ကောင်တပ်ကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့က သုံးကြိမ်တိုင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက် ဦးသေဆုံး ခဲ့ကြောင်း Phoenix D-F အဖွဲ့က ထုတ်ပြန်ထားသည်။

နှစ်ရက် ကျော်ကြာစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို သပြေပင် သုံးလုံးပြူး ဆင်ဝိုင်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်သား နှစ်ဦး သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီက ဆင်ဝိုင်းမိသားစုများနှင့် ဆင် ၁၈ ကောင်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“အောက်တိုဘာလ ၁၅ ရက်နေ့တည်းက စစ်ကြောင်းထိုးလာတာပါ။ သပြေပင်သုံးလုံး ပြူးဆင်ဝိုင်းကနေ ဆင်ဝိုင်းမိသားစုနဲ့ဆင်အကောင်ရေ ၁၈ ကောင်ကို ဒိုင်းကာ အဖြစ်ခေါ်သွားတယ်။ အမျိုးသမီး‌တွေနဲ့ ကလေးတွေကို ကြားထဲကထားပြီး စစ်တပ်က ပြန်ဆုတ်သွားတဲ့အတွက် မိုင်းကွင်းတွေရောက်တဲ့အခါမှာ ပြည်သူတွေပါနေလို့ ဖောက်ခွဲမှုတွေမလုပ်ခဲ့ရဘူး” ဟု Phoenix D-F အဖွဲ့တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြန်လည်ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက စနိုက်ပါဖြင့်လိုက်လံပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့ပြီး စမ်းကြီး ကျေးရွာ အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

“ပြည်သူတွေ ပါနေတဲ့အတွက် ခွဲခြားပြီးမိုင်းခွဲခဲ့ရပါတယ်။ စစ်ကြောင်းမှာ ပြည်သူများ ဒိုင်းကာအဖြစ်မပါနေဘူးဆိုရင် တပ်သား တွေကိုအပြတ် ချေမှုန်းလို့ရတဲ့အခြေနေပါ။ ပြည်သူတွေ ဒိုင်းကာအဖြစ်ပါနေတော့ ဆက်လက်ပြီးတိုက်ခိုက်မှု မလုပ်တော့ပဲ ရဲဘော်အားလုံးဘေးကင်းစွာ ပြန်လည်ဆုတ်ခွာခဲ့ပါတယ်” ဟု Phoenix D-F အဖွဲ့တာဝန်ရှိသူက ဆိုသည်။

ထို့ပြင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်သားများ၊ စစ်ကြောင်းများ အနီးတွင်နေထိုင်ခြင်း၊ ၎င်းတို့နှင့်အတူသွား လာခြင်းများမပြုလုပ်ရန်လည်း PDF တပ်ရင်း(၃၈၀၁)၊ တပ်ခွဲ-၂ Phoenix D-F က ထုတ်ပြန်ထားသည်။

နတ်တလင်းတွင် ပြီးခဲ့သည့်အောက်တိုဘာလ ၁၅ ရက်နေ့ကလည်း စတင်စစ်ကြောင်းထိုး လာသည့် အဆိုပါစစ်ကြောင်းအား စနိုက်ပါဖြင့်ပစ်ခတ်ခဲ့ရာ တပ်သားတစ်ဦး သေဆုံးခဲ့ ကြောင်း Phoenix D-Fအဖွဲ့ထံက သိရသည်။

ဓာတ်ပုံ – ပေးပို့

#ပဲခူးတိုင်း #နတ်တလင်း #စစ်ကြောင်းထိုး #စစ်ကောင်စီတပ်၆ဦးသေ #လူသားဒိုင်း #PDF #Ayeyarwaddy_Times