နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၉ ရက်

တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် ကျင်းပနေသည့် ရပ်ဝန်းနှင့် ပိုးလမ်းမ (BRI) တတိယအကြိမ် ဖိုရမ်ကို စစ်ခေါင်းဆောင်အစား စစ်ကောင်စီခန့် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသာ တက်ရောက်ခဲ့ခြင်းသည် စီးပွားရေး ဆိုင်ရာ တာဝန်များကို ၎င်းအား ပေးအပ်ထား၍ဖြစ်ပြီး မြန်မာအနေဖြင့် BRI ပတ်သက်၍ ကြီးကြီးမားမား သိပ်မရှိသေးကြောင်း တရုတ်-မြန်မာအရေး လေ့လာစောင့်ကြည့် သူများက သုံးသပ်ပြောဆိုသည်။

အဆိုပါ ဖိုရမ်သို့ ရုရှားသမ္မတ အပါအဝင် အာရှခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး မြန်မာမှ ဗိုလ်ချုပ်ကြီး မြထွန်းဦးသာ တက်ရောက်ခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တိုင်းပြည်ခေါင်းဆောင်အနေဖြင့် အသိအမှတ်ပြုကာ ဖိတ်ကြားပါက တက်ရောက်ရမည် ဖြစ်သည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောကြားသည်။

“အခုတရုတ်-မြန်မာဆိုင်ရာ အခြေအနေအရတော့ (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်ကို တက်ရောက်ဖို့ သူ့ကိုတိုက်ရိုက် တိုင်းပြည်ခေါင်းဆောင်အနေနဲ့ အသိအမှတ် ပြုပြီးတော့ ဖိတ်လို့ရှိရင်တော့ သူတက်ရမှာပေါ့လေ။ BRI အစည်းအဝေးဆိုတာက စီးပွားရေး လုပ်ငန်းနဲ့ ပတ်သက်တဲ့ အစည်းအဝေးဆိုတော့ စီးပွားရေးလုပ်ငန်း တာဝန်တွေကို မြထွန်းဦး(ဗိုလ်ချုပ်ကြီး)က လွှဲပြောင်းရယူထားတဲ့ အခါကျတော့ သူ့ကိုပဲ ဖိတ်ခေါ်တာလို့ ကျွန်တော်သဘောပေါက်ပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် (၁၀)နှစ်ပြည့်ပြီဖြစ်သော ခေတ်သစ်ပိုးလမ်းမ စီမံကိန်းဟု ထင်ရှားသည့် ရပ်ဝန်းနှင့်ပိုးလမ်းမ (BRI) တတိယကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဖိုရမ်ကို အောက်တိုဘာ ၁၇ ရက်မှ ၁၈ ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဇနီးက တက်ရောက်လာသော နိုင်ငံခေါင်း ဆောင်များအား ကြိုဆိုနှုတ်ဆက်ခဲ့သည်။

“အကျိုးကျေးဇူးရှိတဲ့ နိုင်ငံတွေက ခေါင်းဆောင်တွေဖိတ်တာမို့ တက်တာများတယ်။ ဥပမာ-ရုရှားဆိုပါတော့ ရုရှားပူတင်ဆိုလည်း သူ့နိုင်ငံရဲ့ ဆက်စပ်မှုတွေကို တော်တော် ပြောသွားတယ်။ ထို့အတူပဲ ဥပမာ-အင်ဒိုနီးရှားနိုင်ငံက သမ္မတဆိုလည်း သူတို့နိုင်ငံက အဆင့်မြင့်ရထားတွေ ဘယ်လိုလုပ်တယ်ဘာညာပေါ့။ ဗမာပြည်မှာက BRI ပတ်သက်ပြီး ကြီးကြီးမားမား သိပ်မရှိသေးဘူးလေ။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကလည်း မပြီးသေးဘူး။ ရထားလမ်းလည်း ဘာမှမလုပ်ရသေးဘူးဆိုတော့ သူကသိပ်ပြီးတော့ ဦးစားပေးတဲ့ထဲ မပါဘူးပေါ့” ဟု တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တရုတ်ဦးဆောင်ပြုလုပ်သည့် BRI ဖိုရမ်ကို ကုသမဂ္ဂအတွင်းရေးမှူးချုပ်၊ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲပြီးနောက်ပိုင်း နိုင်ငံတကာက ပြုလုပ်သည့် အခမ်းအနားများသို့ တက်ရောက်ခြင်း မရှိတော့သည့် ရုရှားသမ္မတ ဗလာဒီမီယာပူတင် အပါအဝင် အာရှ ဒေသအတွင်းမှ ကမ္ဘောဒီးယား ဝန်ကြီးချုပ်၊ လာအို သမ္မတ၊ အင်ဒိုနီးရှား သမ္မတတို့နှင့် နိုင်ငံပေါင်း ၁၃၀ မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

“အဲဒီနိုင်ငံက ခေါင်းဆောင်တွေက သူတို့နိုင်ငံတွေမှာ ဘာတွေလုပ်တယ်။ ရှေ့ဆက်လည်း ဘာတွေလုပ်မယ်ဆိုတာ ပြောနိုင်ပါတယ်။ ကျွန်မတို့ ဗမာပြည်မှာ BRI က ဘာမှ ဖြစ်ဖြစ်မြောက်မြောက်မှ မဖြစ်သေးတာ တစ်အချက်။ နှစ်အချက်က တကယ်လို့ ဖိတ်လည်း မင်းအောင်လှိုင်(ဗိုလ်ချုပ်မှူးကြီး)က ကိုယ့်တိုင်းပြည်မှာ ကိုယ့်ဟာကိုယ် တောင် အနိုင်နိုင်ဖြစ်နေတာမို့ ဘယ်လာနိုင်မလဲ။ အဲဒါတွေလည်း ပါပုံရပါတယ်” ဟု ဒေါက်တာလှကျော်ဇောက ဆိုသည်။

အဆိုပါ BRI ဖိုရမ်သို့ မြန်မာနိုင်ငံမှ စစ်ကောင်စီခန့် ဒုတိယဝန်ကြီးချုပ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးအပါအဝင် ဝန်ကြီးဌာန ငါးခုမှ အဆင့်မြင့်အရာရှိကြီးများက ခေါင်းစဉ်အလိုက် ပါဝင်ဆွေးနွေးရန် လိုက်ပါခဲ့ကြောင်း သိရသည်။

“BRI စီမံကိန်းကတော့ ဥရောပအရှေ့ဖျားက နိုင်ငံတချို့ ပါဝင်ပါတယ်။ အာရှ၊ အာဖရိက၊ လက်တင်အမေရိကဆိုတဲ့ အဓိကဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံ တော်တော်များက နေပြီးတော့ ဒီထဲမှာ ပါဝင်ကြတာပါ။ အဲဒီမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာ ပံ့ပိုးမှုကလည်း အဲ့တိုင်းပြည်အတွက် အကျိုးဖြစ်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ထင်သလောက်ဖြစ်မလာဘဲနဲ့၊ အဲဒီလုပ်ငန်းက အကျိုးအမြတ်တွေ တော်တော်လေး သိသိသာသာအောင်မြင်ရရှိခြင်း မရှိဘဲနဲ့ အခုစီမံကိန်းတချို့ကို ရပ်ထားရတာ။ နောက်ပြီးတော့တရုတ်ကိုယ်တိုင် စီးပွါးရေးတွေက အရင်ကလိုဖွံ့ဖြိုးတဲ့၊ အောင်မြင်တဲ့ စီးပွားရေးမျိုးမဟုတ်လာဘဲနဲ့ ကျဆင်းလာတာကြောင့် BRI လုပ်ငန်းတွေဟာ နိုင်ငံတကာမှာတော်တော်လေးကို ရပ်တန့်သွားပါတယ်။ အောင်မြင်မှုသိပ်ပြီးတော့ မရဘူးလို့ဆိုကြပါတယ်။ အကဲဖြတ်ကြပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။

ထို့အပြင် တရုတ်ပြည်၌ ကြုံတွေ့နေရသော စီးပွါးရေး အခက်အခဲများကြောင့် BRI လုပ်ငန်းများသည် ရှေ့ဆက်၍ အောင်မြင်မှု မရနိုင်တော့သည့်အပြင် တိုင်းပြည်အတွက် စီးပွါးရေးအရ အထုပ်အပိုးဖြစ်စေခြင်းများ ကြုံလာရနိုင်သည်ဟု နိုင်ငံတကာက အကဲဖြတ်ပြောဆိုနေကြကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဆိုပါရပ်ဝန်းနှင့် ပိုးလမ်းမ(BRI) တည်ဆောက်ရာ၌ တိုက်ငါးတိုက်မှ နိုင်ငံပေါင်း ၁၅၀ တွင် ပြုလုပ်မည့် စီမံကိန်းများစွာ ပါဝင်သလို မြန်မာနိုင်ငံမှ ကူမင်း – မန္တလေး ရထားလမ်း၊ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးဇုန်၊ မြစ်ကြီးနား ဝိုင်းမော်စက်မှုဇုန်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရန်ကုန်မြို့သစ် စီမံကိန်းတို့က တစ်စိတ်တစ်ပိုင်း တစ်ခုဖြစ်ကြောင်း သိရသည်။

“သူတို့(စစ်ကောင်စီ) ပြောသွားတဲ့ထဲမှာတော့ တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ အရေးကြီးတယ်။ ဒါမှသာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်လုပ်ဆောင်နိုင်မယ်ဆိုပြီး ပြောသွားတာဗျ။ အဲ့တော့ အဲဒီအတွက် တရုတ်က ကူညီတဲ့အတွက် ကျေးဇူးတင် တယ်ဆိုတဲ့အကြောင်းတွေ ပြောသွားတာပဲ။ ကျွန်မလည်း ဒီမှာပြောချင်တာက ကျွန်မတို့တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုချင်ရင်တော့ စစ်ကောင်စီမရှိမှဘဲ ကျွန်မတို့ ငြိမ်းချမ်းလို့ရမှာလေ။ ဒါကြောင့်မို့လို့ကျွန်မတို့ နိုင်ငံကတော့ ကိုယ့်အလုပ်ကိုယ်ဖြစ်တဲ့ စစ်ကောင်စီပြုတ်ကျရေး၊ စစ်အာဏာရှင်စနစ် ပြုတ်ကျရေး တိုက်ပွဲပဲဆက်လုပ်စရာရှိပါတယ်”ဟု တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ဧရာ၀တီတိုင်မ်းကို ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်-မြန်မာ ဆက်ဆံရေး ရှိခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုမူ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခံရခြင်းမရှိသေးပေ။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၅ ရက်မှ ၈ ရက် နေ့အထိ ရုရှားနိုင်ငံတွင် ကျင်းပခဲ့သည့် (၇) ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်ကို တက်ရောက်ခွင့်ရခဲ့ပြီး ရုရှားသမ္မတ ပူတင်နှင့်တွေ့ဆုံခွင့်ရခဲ့သည်။ ထိုသို့ လုပ်ဆောင်ခွင့်ရခဲ့ခြင်းကို မဟာအောင်မြင်မှုကြီးအဖြစ် မှတ်ယူ၍ စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာမျက်နှာများတွင် ဖော်ပြခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလကုန်ပိုင်းက တရုတ်နိုင်ငံတွင် ကျင်းပသည့် ဒုတိယအကြိမ်မြောက် Belt and Road Initiative (BRI) နိုင်ငံတကာ ညီလာခံကို တက်ရောက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင်းပင်နှင့် သီးခြားတွေ့ဆုံခဲ့သည်။

ဓာတ်ပုံ – ဆင်ဟွာ
#တရုတ်နိုင်ငံBRIဖိုရမ် #ဗိုလ်ချုပ်ကြီးမြထွန်းဦးတက်ရောက် #စစ်ခေါင်းဆောင် #တိုင်းပြည်ခေါင်းဆောင် #ဖိတ်ကြားခြင်းမရှိ #Ayeyarwaddy_Times