
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၈ ရက်
ဧရာဝတီတိုင်း၊ မြန်အောင်မြို့ မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်တွင် အောက်တိုဘာလပထမအပတ်ကစ၍ စစ်ကောင်စီတပ်မှ ကင်းပုန်းချကာ အဝေးပြေးကုန်တင်ယာဥ်များ ရှာဖွေစစ်ဆေးမှု တင်းကျပ်ထားကြောင်း ကုန်တင်ယာဥ်မောင်းများထံက သိရသည်။
မြန်အောင်မြို့တွင်ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့ကစ၍ အဝင်အထွက်စစ်ဆေးရေးဂိတ်ထားရှိရာ ရောင်နီ အရက်ချက်စက်ရုံအနီး၌ စစ်ကောင်စီတပ်လက်အောက်ခံ ခမရ -၅၁ မှတပ်ဖွဲ့ဝင်များ ၊ပျူစောထီး(ပြည်သူ့စစ်)နှင့် ရဲအင်အား ၂၀နီးပါးသည် ကင်းပုန်းဝပ်ပုံစံဖြင့်ကင်းချကာ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မြို့ခံကုန်တင်ယာဥ်မောင်းများထံကသိရှိရသည်။
” ရောင်နီအရက်ချက်စက်ရုံအနားမှာ ကင်းပုန်းပုံစံနဲ့ ကင်းချနေတာ တစ်ပတ်လောက်ရှိပြီ။ စစ်တပ်၊ရဲနဲ့ပြည်သူ့စစ်တွေအဖွဲ့စုံရှိနေတယ်။ကုန်ကားတွေဝင်ရင်စစ်တယ်။ဆန်တွေစပါးတွေစားသုံးဆီတွေခိုးသယ်လားပေါ့။ နောက်ပြီးတော့ ဘယ်ကနေလာတာလဲ။ အဲဒါတွေအရစ်ခံရတယ်” ဟု မြို့ခံကုန်တင်ယာဥ်မောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းကဲ့သို့ ရှာဖွေစစ်ဆေးရေးပြုလုပ်ရာတွင် မြို့တွင်းသို့ဝင်ရောက်သည့် အဝေးပြေးကုန်တင်ယာဥ်များကို ဆန်၊စပါးနှင့် စားသုံးဆီမှောင်ခိုသယ်ဆောင်ခြင်းရှိမရှိ ရှာဖွေစစ်ဆေးပြီး ကုန်ကားတစ်စီးလျှင်ငွေ ၁၀၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ်ကြား ပေးအပ်မှသာ မြို့ထဲသို့ဝင်ခွင့်ပြုကြောင်း အဝေးပြေးကုန်တင်ယာဥ်မောင်းများက ပြောဆိုသည်။
” ရဲနဲ့ပြည်သူ့စစ်က ထုံးစံအတိုင်း ငွေတောင်းတာပေါ့။ တစ်သောင်းလောက်ပေးရင်မယူချင်ဘူး။သုံးသောင်း လောက်ပေးမှပဲသွားခွင့်ပေးတယ်။ ကုန်ကားမောင်းခနဲ့ သူတို့ပေးရတာ စရိတ်မကာမိဘူး” ဟု ကုန်တင်ယာဥ်မောင်းတစ်ဦးက ဆိုသည်။
ထို့အပြင်မြန်အောင်မြို့၌ အောက်တိုဘာပထမအပတ်ကစ၍ သဘာဝဓာတ်အားပေးစက်ရုံရှေ့နှင့် မြို့တွင်းလမ်းဆုံလမ်းခွများတွင် စစ်ကောင်စီတပ်၊ ပျူစောထီး(ပြည်သူ့စစ်)နှင့် ရဲတပ်ဖွဲ့ အင်အား ၂၀ ဝန်းကျင်ဖြင့် နေ့ပိုင်းယာဥ်စစ်ဆေးမှုအပြင် ညစဥ်ကင်းလှည့်၍ ဧည့်စာရင်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မြို့ခံများထံက သိရသည်။
#မြန်အောင်မြို့ #အဝင်အထွက်ဂိတ် #စစ်ကောင်စီတပ် #ကင်းပုန်းချ #ကုန်တင်ယာဥ် #တင်းတင်းကျပ်ကျပ်စစ်ဆေး #Ayeyarwaddy_Times