ဧရာဝတီတိုင်းမ်
(ချင်း)၊ အောက်တိုဘာလ ၁၈ ရက်

ချင်းပြည်နယ်တွင် မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ဒေသခံများ၏ အသက်အိုးအိမ်များကို နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်ခံနေရပြီး မြေမြှုပ်မိုင်းနင်းမိသည့်အတွက် ထိခိုက်သေဆုံးမှုများလည်း မြင့်တက်လျက်ရှိကြောင်းသိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့၏ မြေမြှုပ်မိုင်းကြောင့် ဒေသခံပြည်သူ ၂၂ ဦးဆုံးခဲ့ရပြီး‌ ခြေပြတ်၊ လက်ပြတ်ဒဏ်ရာရရှိသူ ၃၈ ဦးရှိပြီဖြစ်ကြောင်းသိရသည်။

မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၂၂ ဦးအနက်မှ ၂၀ ဦးသည် စစ်ကောင်စီတပ်ထောင်ထားသော မြေမြှုပ်မိုင်းကြောင့် သေဆုံးခဲ့ရပြီး မြေမြှုပ်မိုင်းထောင်ခြင်းနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန် အထူးလိုအပ်ကြောင်းဒေသခံများထံက သိရသည်။

မိုင်းအသိပညာပေးတာနဲ့ ပတ်သက်ပြီး သိပ်ပြီးတော့မရှိသေးဘူးပေါ့နော်။ ချင်းလူ့အခွင့်အရေးအဖွဲ့အနေနဲ့ မြို့နယ်ဒေသအသီးသီးက တာဝန်ခံတွေကို မွမ်းမံသင်တန်းပေးတာမျိုးတော့ရှိတယ်။ ဒေသခံပြည်သူလူထုတွေဆီကို ကွင်းဆင်းပြီး သင်တန်းပေးတာမျိုးတော့ ချင်းပြည်နယ်မှာ အခုချိန်ထိ မတွေ့ရသေးဘူး” ဟု ချင်းလူ့အခွင့်အရေးအဖွဲ့၏ စီမံအရာရှိဆလိုင်းမန်ဟရဲလျန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြေမြှုပ်မိုင်းအန္တရာယ်သည် ချင်းပြည်သူများ၏ အသက်အန္တရာယ်လုံခြုံရေးကို အထိခိုက်ဆုံးဖြစ်သည့်အတွက် ချင်းလူ့အခွင့်အရေးအဖွဲ့အနေဖြင့် အသိပညာပေးမှုလုပ်ငန်းများ တိုးချဲ့လုပ်‌ဆောင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

စစ်ကောင်စီတပ်အနေဖြင့် ၎င်းတို့ထောင်ထားသော မြေမြှုပ်မိုင်းနှင့်ပတ်သက်၍ ဒေသခံများအနေဖြင့် ဖြတ်သွား၊ ဖြတ်လာမပြုရန် တားမြစ်သတိပေးခြင်းများလည်းမရှိသလို ဒေသခံများအမြဲလိုလို ဖြတ်သွားဖြတ်လာပြုနေသော ဥယျာဉ်ခြုံသွားရာလမ်း၊ ခြံအတွင်းရှိ တဲအနီးတို့တွင် မြေမြှုပ်မိုင်းများထောင် ထားကြောင်းဒေသခံများထံက သိရသည်။

“ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာမှာ စစ်ကြောင်းထိုးလာတဲ့ အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်က ကျွန်တော့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်။ အဲ့ဒီမှာ သူတို့ခေါ်သွားတဲ့ လမ်းကြောင်းတိုင်းလိုလို မြေမြှုပ်မိုင်းတွေ တစ်ခုပြီးတစ်ခုထောင်ထားတယ်။ သူတို့မြေမြှုမိုင်းထောင်တဲ့ နေရာတွေက ဒေသခံတွေ အသုံးပြုတဲ့ မြေနီလမ်း၊ တောလမ်းတွေပဲ”လို့ မတူပီမြို့၊ ဒေသခံအမျိုးသားတစ်ဦးက ဧဂရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာသောကြောင့် တောထဲသို့ တိမ်းရှောင်နေကြသော ဒေသခံများနေအိမ်သို့ပြန်လာစဥ် လူနေအိမ်အနီးတဝိုက်တို့တွင် မြေမြှုပ်မိုင်းများနင်းမိပြီး ထိခိုက်သေဆုံးမှုများလည်းကြုံနေရသည်။

မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူများထဲတွင် အသက်မပြည့်သေးသည့် ကလေးသူငယ်များလည်း ပါဝင်နေပြီး ရိုးရာနွားနောက်များ၊ အိမ်မွေးတိရိစ္ဆာန်အများအပြားလည်း ထိခိုက်သေဆုံးနေပြီဖြစ်ကြောင်း သိရသည်။

“မိုင်းအားဖြင့် ပြည်သူလူထုတွေကို ပစ်မှတ်ပြီးတိုက်ခိုက်တာတွေက တော်တော်လေးကို အန္တရာယ်ကြီးမားတယ်။ ပြီးရင်တော့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုလို့ ပြောလို့ရတယ်။ အဲ့ဒီကိစ္စကြောင့် ပြည်သူလူထုတွေရဲ့ စားဝတ်နေရေး၊ သွားလာရေး၊ ‌ဒေသခံပြည်သူတွေရဲ့ အသက်ရှင်ရေးကို အများကြီးခြိမ်းခြောက်ထိခိုက်စေတယ်။ စစ်ကောင်စီနဲ့ရော တော်လှန်ရေးအင်းအားစုတွေအနေနဲ့ရော နင်းမိုင်းကိစ္စနဲ့ ပတ်သက်ပြီး အရပ်သားပြည်သူတွေကို မထိခိုက်အောင် သတိထားဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်”လို့ ဆလိုင်းမန်ဟရဲလျန်က ဆိုသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် စစ်ကောင်စီစစ်ကြောင်းထိုးလာမှသာလျှင် ​လုံခြုံရေးအရအသံမိုင်းများနှင့် မြေမြှုပ်မိုင်းများကို ထောင်ထားကြောင်းသိရပြီး မြေ​မြှုပ်မိုင်းထောင်ခြင်းနှင့် ပတ်သက်၍ ဒေသခံများအနေဖြင့် မိုင်းထောင်ထားသည့် နေရာများတွင် တောထွက်ခြင်းများမပြုလုပ်ရန်လည်း ကြိုတင်အသိပေးထားသည်။

“​စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာမှ ထောင်တာပါ။ စစ်ကြောင်းပြီးရင် ထောင်ထားတဲ့မိုင်းတွေကို အကုန်ပြန်ဖြုတ်တယ်။ ပြီးတော့ ဒေသခံတွေကိုလည်း မိုင်းထောင်တဲ့ နေရာဒေသကို မသွားကြဖို့ ချင်းစာနဲ့ သတိပေးတာတွေ ချိတ်ဆွဲထားပါတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့၊ တာဝန်ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်များသည် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ယုံသာမက မြေမြှုပ်မိုင်းများကိုလည်း နေရာတိုင်းထောင်ထားခြင်းကို တွေ့ရပြီး စစ်ကောင်းစီ၏ လေကြောင်းတိုက်ခိုက်မှုများကိုလည်း ချင်းပြည်သူများအနေဖြင့် ဆိုးဆိုးရွားရွားကြုံတွေ့နေရသည်။

ပုံစာ-စစ်ကောင်စီ၏မြေမြှုပ်မိုင်းများ
#ချင်းပြည်နယ် #မြေမြှုပ်မိုင်းများက #ဒေသခံများ #အသက်အန္တရာယ်ခြိမ်းခြောက် #စစ်ကောင်စီတပ် #ဒေသခံ၂၀ဦးသေဆုံး #Ayeyarwaddy_Times