ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၈ ရက်

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးခံခဲ့ရသည့် ပဲခူးမြို့တွင်စိုက်ပျိုးထားသော စပါးခင်းဧက ရှစ်သောင်း ကျော်နှင့် ငါးမွေးမြူရေးကန်များ ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရေနစ်မြုပ်ခဲ့သည့် စပါးခင်းရှစ်သောင်းကျော်တွင် ပြန်ပေါ်သည့်စပါးခင်းများအနက် ဧက ၃၆,၂၅၉ ထိခိုက်ပြီးနောက် ဧက ၄,၇၁၆ မှာ လုံးဝပျက်စီးခဲ့ကြောင်း စစ်ကောင်စီ၏ စိုက်ပျိုးရေးဦးစီးဌာနထံက သိရသည်။

ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးစိုက်ဧကများထိခိုက်ပျက်စီးမှု လျော့နည်းစေရန်အတွက် တောင်သူများအနေဖြင့် ရိတ်သိမ်း ခြွေလှေ့စက် အသုံးပြုပြီး မိုးစပါးရိတ်သိမ်းရန် လိုအပ်ကြောင်းသိရသည်။

“ ဒီနှစ်တော့စပါးရပြီပေါ့။ တစ်ဧကကို တင်း ၇၀ ၊ ၈၀ လောက်ထွက်ဖို့မှန်းထားတာ။ နောက်တစ်ပတ်ဆိုရိတ်ရတော့မယ်။ မိုးရွာရေကြီးတော့ အကုန်နစ်မြှုပ်ကုန်တယ်။ ဘာစပါးမှ ရိတ်မရတော့ဘူး” ဟု ပဲခူးတိုင်းရှိ တောင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင်ငါးမွေးမြူကန်များတွင်လည်း ရေများဝင်ရောက်မှုကြောင့် ငါးကန်များပျက်စီးခဲ့ပြီး ထိခိုက်နစ်နာမှု ပြန်လည်ကုစားနိုင်ရေးအတွက် ဈေးကွက်ရှိသော ငါးမြစ်ချင်း၊ ငါးမုတ်၊ ငါးတန်အမျိုးအစားများ ပြန်လည်စိုက်ထည့်ပေးမည်ဟု ငါးလုပ်ငန်းဦးစီးဌာနက ပြောကြားထားသည်။

န်မာနိုင်ငံဆန်စပါးအသင်းချုပ်ကမူ ရေကြီးနစ်မြုပ်ခံရသည့် တောင်သူများကို ပြန်လည် ထူထောင်ရေးအတွက် ရန်ပုံငွေကျပ် သိန်း ၅၀၀ လှူဒါန်းမည်ဖြစ်ကြောင်း ဆိုထားသည်။

ယခုနှစ်မိုးရာသီကာလတွင် မိုခါမုန်တိုင်းတိုက်ခတ်မှု၊ မိုးရွာကြီးမှု၊ ရေကြီးရေလျှံမှု များကြောင့် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့ရှိ စပါးစိုက်ခင်းများပျက်စီဆုံးရှုံးခဲ့ရသည်။

၂၀၂၃ – ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရန်လျာထားဧက ၁၄ ဒသမ ၉၉ သန်းခန့်မှန်ထားရာတွင် ဇွန်လကုန်အထိ ၃ ဒသမ ၆၅၈ သန်းစိုက်ပျိုးပြီးစီးကြောင်း စစ်ကောင်းစီ၏ စိုက်ပျိုးရေးဦးစီးဌာနထံက သိရသည်။

ပုံစာ-ရေကြီးနှစ်မြုပ်နေသည့် စပါးခင်းများအားတွေ့ရစဉ်
#ပဲခူးရေကြီးမှု #စပါးခင်းပျက်စီး #ဧကရှစ်သောင်းကျော် #Ayeyarwaddy_Times